သားဆက်ခြားနည်း မျိုးစုံရှိပါတယ်။ သောက်ဆေးနဲ့ သားဆက်ခြားနည်း၊ ထိုးဆေးနဲ့ သားဆက်ခြားနည်း၊ လက်မောင်း (သို့မဟုတ်) သားအိမ်ထဲ ထည့်တဲ့ ပစ္စည်းလေးများဖြင့် သားဆက်ခြားနည်း များ ရှိကြသော်လည်း လူသိနည်းတဲ့ သဘာဝနည်းအတိုင်း သားဆက်ခြားနည်းလည်း ရှိပါတယ်။ ဒီနည်းလမ်းလမ်းကတော့ ဘယ်လို ဆေးဝါးများမှ မလိုပဲ သဘာဝရဲ့ လုပ်ငန်းဆောင်တာတွေအပေါ်မူတည်ပြီး လိုက်နာရတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်အချိန်တွေမှာ မျိုးအောင်နိုင်ချေရှိလဲဆိုတာကိုလည်း ဗဟုသုတအားဖြင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။

ရက်ရှောင်နည်း၊ခန္ဓာကိုယ်ရဲ့ အနည်းဆုံးအပူချိန်၊သားအိမ်ခေါင်းအကျိအချွဲပေါ်မူတည်တဲ့ နည်း အစရှိတာတွေကို ပေါင်းစပ်အသုံးပြုပြီး သင့်ခန္ဓာကိုယ်ဟာ ဘယ်အချိန်တွေမှာ မျိုးအောင်နိုင်ချေ အများဆုံးလဲဆိုတာကို သိရှိစေပါတယ်။

(၁) ရာသီစက်ဝန်းကို တွက်ချက်၍ ရက်ရှောင်နည်း

သားဥကြွေချိန်နဲ့ မျိုးအောင်နိုင်တဲ့အချိန်တွေကို သိရှိမယ်ဆိုရင် ဒီလို အချိန်တွေမှာ လိင်ဆက်ဆံမှုကို ရှောင်ရှားခြင်း ဒါမှမဟုတ် အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်းတို့ကို ပြုလုပ်ပြီး သားဆက်ခြားနိုင်ပါတယ်။

ပုံမှန်အားဖြင့် ရာသီစက်ဝန်းဟာ ၂၈ရက်ကနေ ၃၂ရက် အတွင်း ကြာမြင့်တတ်ပါတယ်။ ဒါ့ကြောင့် ရာသီစက်ဝန်းအကြောင်းကို တိတိကျကျ သိရှိပြီး ကိုယ်ဝန် မရနိုင်မယ့် ရက်တွေကို သိထားသင့်ပါတယ်။

ရာသီသွေးစဆင်းတဲ့နေ့ကနေ စတင်ရေတွက်ပြီး ခုနှစ်ရက်မြောက်နေ့မှာ မ, မျိုးဥဟာ အဖိုသုတ်ပိုးနဲ့ ထိတွေ့ပြီး မျိုးအောင်စေဖို့ အသင့်ဖြစ်နေပါပြီ။ ရာသီစက်ဝန်းဖြစ်ပေါ်ခြင်းရဲ့ ၁၁ ရက်မြောက်နေ့မှ ၂၁ ရက် ကြားမှာတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေကြောင့် သားဥအိမ်ထဲက မ,မျိုးဥလေး ထွက်လာမှာဖြစ်ပြီး သားဥကြွေပါတယ်။ မမျိုးဥက မျိုးအောင်စေဖို့အတွက် ၁၂နာရီကနေ ၂၄နာရီအထိ စောင့်ဆိုင်းပြီး မျိုးအောင်ခြင်း မဖြစ်ပေါ်ဖူးဆိုရင် မမျိုးဥလေးဟာ ပျက်စီးသွားမှာဖြစ်ပါတယ်။

ရာသီလာပြီး ၂၈ ရက်မြောက်နေ့မှာ မမျိုးဥဟာ မျိုးအောင်ခြင်းလုပ်ငန်းစဉ်ဖြစ်ပေါ်ခြင်း မရှိဖူးဆိုရင် (မျိုးမအောင်ဖူးဆိုရင်) ရက်ပိုင်းအတွင်းမှာပဲ ရာသီသွေး ပြန်လာစေမှာ ဖြစ်ပါတယ်။ အရေးကြီး သိထားသင့်တဲ့ အချက်ကတော့ ရာသီစက်ဝန်းက အမျိုးသမီးတယောက်နဲ့ တယောက်မတူကွဲပြားတတ်ပြီး တယောက်တည်းမှာတောင် လအလိုက်ပြောင်းလဲနိုင်ပါတယ်။

ရာသီစက်ဝန်းကို ပြက္ခဒိန်မှာ အသေအချာမှတ်သားထားခြင်းဖြင့် ရာသီလာပြီး ၂၄ ရက်မြောက်နေ့မှ ရာသီသွေး ပြန် မဆင်းခင် အချိန်အတွင်း ကိုယ်ဝန်ရနိုင်ခြေ မရှိကြောင်းကို တွက်ချက်နိုင်ပါတယ်။

ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းနည်းလမ်း

(၂) ခန္ဓာကိုယ်အပူချိန်တိုင်းတာ၍ သားဆက်ခြားနည်း

ဒီနည်းလမ်းကတော့ ပြီးခဲ့တဲ့ ရာသီစက်ဝန်းမှာ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ ကိုယ်အပူချိန်တွေကို လေ့လာစောင့်ကြည့်ရင်း သားဥကြွေတဲ့ အချိန်ကာလကို ခန့်မှန်းရတာပဲ ဖြစ်ပါတယ်။

သားဥအိမ်ကနေ မမျိုးဥမထုတ်ပေးခင်လေးမှာ သင့်ခန္ဓာကိုယ်အပူချိန်က အနည်းငယ် ကျဆင်းကာ သားဥကြွေပြီး ၂၄နာရီ အကြာမှာတော့ ကိုယ်အပူချိန် ပြန်လည်တက်လာပြီး နောက်ထပ် ရက်အနည်းငယ်အထိ ထိုအပူချိန်အတိုင်း ဖြစ်နေတတ်ပါတယ်။ သားဥမကြွေခင်မှာ အမျိုးသမီးတဦးရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ၃၆.၁ – ၃၆.၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီး သားဥကြွေအပြီးမှာတော့ ၃၆.၄ – ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ ရှိနေနိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အပူချိန်ကို မနက်တိုင်း အိပ်ယာထပြီးတာနဲ့ အချိန်မှန်မှန် ပုံမှန်တိုင်းတာပေးခြင်းအားဖြင့် ရာသီစက်ဝန်းကို စောင့်ကြည့်ခန့်မှန်းရတာပဲ ဖြစ်ပါတယ်။ တိုင်းတာမှုများကို ဇယားပြုလုပ်ပြီးနောက် ရာသီစက်ဝန်း ပုံမှန်တယ်ဆိုရင်တော့ နောက်တကြိမ်သားဥကြွေမယ့်အချိန်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

(၃) သားအိမ်ခေါင်းအကျိအချွဲကို စမ်းစစ်၍ သားဆက်ခြားနည်း

သားအိမ်ခေါင်းအကျိအချွဲရဲ့ စေးပျစ်မှုအတိုင်းအတာဟာ ရာသီစက်ဝန်းအတွင်းမှာ ပြောင်းလဲလေ့ရှိပါတယ်။ ပုံမှန် ရာသီစက်ဝန်းမှာဆိုရင် ဓမ္မတာငါးရက်လာပြီးနောက်မှာ ၃-၄ရက်လောက် ခြောက်နေလေ့ရှိပါတယ်။ နောက်ရက်တွေမှာတော့ အကျိအချွဲတွေ စိုစွတ်မှုဟာ နေ့စဉ်အနည်းငယ်စီ ပိုများလာမှာဖြစ်ကာ ကိုးရက်မြောက်နေ့တွင် အစိုစွတ်ဆုံးရက်ကို ရောက်ရှိမှာပဲ ဖြစ်ပါတယ်။ ဒီအကျိအချွဲတွေက ကြည်လင်နေမှာဖြစ်ပြီး လက်နဲ့ကိုင်လိုက်ရင်လည်း အမျှင်တန်းနေမှာဖြစ်ကာ ကြက်ဥအကာရည်နဲ့ ဆင်တူတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး သားအိမ်ခေါင်းအကျိအချွဲမရှိဘူး ဆိုရင်တော့ မျိုးအောင်ဖို့ ခက်ပါတယ်။

တခါတလေမှာတော့ ခန္ဓာကိုယ်ကနေ သဘာဝတုံ့ပြန်မှုအဖြစ် အကျိအချွဲတွေကို ပိုမိုထုတ်လုပ်ပေးတတ်ပြီး တရက်နှစ်ရက်အတွင်းမှာ သားဥကြွေခြင်းဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ မိန်းမကိုယ်တွင်းဆေးတဲ့ အရည်တွေ နဲ့ သုတ်ပိုးသတ်တဲ့ လိမ်းဆေးခရင်မ်တွေကို မသုံးစွဲရပါဘူး။

ဖော်ပြပါ နည်းလမ်းတွေကိုကာ မှန်မှန်ကန်ကန်၊ တိတိကျကျ လိုက်နာမယ်ဆိုရင်တော့ ဒီနည်းလမ်းတွေရဲ့ ထိရောက်မှုက ၉၀% လောက်အထိ ရှိပြီး ကိုယ့်ရဲ့ ဂရုစိုက်မှု၊ သတိထား စောင့်ကြည့်မှု၊ မျိုးအောင်နိုင်တဲ့ ကာလမှာ လိင်မဆက်ဆံဘဲ ရှောင်ရှားနိုင်မှု၊ အကာအကွယ်(ကွန်ဒုံး) အသုံးပြုမှု စတဲ့ အချက်တွေပေါ်မှာ ၁၀၀ % မူတည်နေပါတယ်။ သာမန်အသုံးပြုမယ်ဆိုရင်တော့ ကလေးရသွားနိုင်ချေက ၃၀% လောက် ရှိပါတယ်။

ဒါကြောင့် ရာသီစက်ဝန်းကို အတိအကျ မျက်ခြေမပြတ်စောင့်ကြည့်ပြီး မှတ်သားထားပြီး သေသေချာချာ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဘယ်လို ဘေးထွက်ဆိုးကျိုးမှ မရှိတဲ့ သဘာဝအတိုင်း သားဆက်ခြားနည်းကို အောင်မြင်အောင် ပြုလုပ်နိုင်ကြဖို့လည်း ဆန္ဒ ပြုလိုက်ပါတယ်။ အားလုံးပဲ ကျန်းမာ၊ ချမ်းသာကြပါစေ ရှင် ။

သတင်းအရင်းအမြစ် - Hello Health Group 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။