ကလေးဆိုတာ ကမ္ဘာပေါ်မှာ အဖြူစင်ဆုံးနဲ့ချစ်စရာအကောင်းဆုံး မျိုးဆက်သစ်လေးတွေ ပါ။ သူတို့ လေးတွေရဲ့စိတ်ဟာဖြူစင်လွန်းလို့ ဘယ်အရာကိုမှတိတိကျကျသိလေ့မရှိပါဘူး။ ကလေးအရွယ်မှာ ဖြစ်ပေါ်လာတတ်တဲ့စိတ်ခံစားချက်တွေဟာ ဘဝတစ်လျှောက်လုံးမှာ ပါသွားတတ်တာမို့ မိဘတွေ အနေနဲ့ ကိုယ့်ရဲ့ချစ်စဖွယ်ရင်သွေးငယ်လေးတွေကို ဆိုဆုံးမတဲ့ နေရာမှာ အရမ်းကိုအရေးကြီးပါတယ်။ ကလေးဆိုတဲ့အရွယ်ဟာ ဘာကိုမှမသိနားမလည် တဲ့အရွယ်ပါ။ ဒီလိုအရွယ်လေးတွေမှာ အမှားတွေ အများကြီးကျူးလွန်တတ်ကြပါတယ်။ ဒီလိုကျူးလွန်မိတယ်ဆိုတာကလည်း ကလေးတွေက တကူးတကဖန်တီးတာမဟုတ်ပဲ မိဘတွေရဲ့ပေါ့ဆမှုတွေကြောင့်လည်းအများကြီးပါတတ်ပါတယ်။

ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ရဲ့ချစ်စရာရင်သွေးငယ်လေးတွေကိုဆုံးမတဲ့နေရာမှာ သတိထားဆင်ခြင် ရမယ့်အပိုင်းလေးတွေအများကြီးရှိတဲ့အထဲကမှ အဓိကအချက်လေး တွေကိုပဲ ပြောပြပေးလိုက်မယ်နော်။

1. အသံအကျယ်ကြီးနဲ့မအော်ငေါက်မိပါစေနဲ့

ကလေးတွေရဲ့စိတ်ဟာ ဝါဂွမ်းထက်တောင်နုနယ်ပါတယ်။ ဒီလိုဖြူစင်တဲ့ကလေးလေးတွေရဲ့ စိတ်ကို ကိုယ့်ရဲ့ဒေါသစိတ်တစ်ခုထဲကြောင့်နဲ့တော့ အော်ဟစ်ပြီးမထိတ်လန့်ပါစေနဲ့။ ဒါဟာ သူတို့ရဲ့ဖြူစင်တဲ့ဘဝထဲကို ထိတ်လန့်မှုတစ်ခု စတင်ဝင်ရောက်လာပါပဲ။ ဒီနောက်ပိုင်းမှာ တော့ ကလေးတွေရဲ့စိတ်မှာ အားငယ်မှုတွေဝင်ရောက်လာတတ်ပြီး အရင်ကလောက်မ ပျော်ရွှင်တော့ပဲ အနည်းငယ်မှိုင်တွေနေတာတွေကို မြင်တွေ့ရလာပါလိမ့်မယ်။ မိဘတွေ အနေနဲ့ စိတ်အခန့်မသင့်လို့ အော်ငေါက်မိလိုက်တယ်ဆို ရင်လည်း မိနစ်ပိုင်းအတွင်းမှာ ကလေးရဲ့စိတ်ပြေရာပြေကြောင်းတစ်ခုခုလုပ်ပေးပါ။ နောက်ထပ် ဒီလို အမှားမျိုးမဖြစ်အောင် သေချာနားဝင်အောင်ချော့မော့ဖြောင်းဖျပေးပါ။ ကလေးဆိုတဲ့အရွယ်ဟာ ဖယောင်းပျော့နေ တုန်းအချိန်လိုပဲမို့ လိုသလိုပုံသွင်းလို့ရပါတယ်။ မိဘတွေရဲ့ထိန်းကျောင်းကွပ်ကဲမှု ဟာ အရမ်းကိုအရေးကြီးပါတယ်။

2. မခြောက်လှန့်ပါနဲ့

ကလေးငယ်တွေဟာ တစ်ခုခုကိုအရမ်းစူးစမ်းတတ်တဲ့အလေ့အကျင့်ရှိပါတယ်။ သူတို့ဟာ ကြောက် လန့်ရကောင်းမှန်းသိတဲ့စိတ်မျိုးမရှိပါဘူး။ စူးစမ်းတတ်တဲ့အလေ့အကျင့်ဟာ ကောင်းပါတယ်။ အန္တာရယ်မဖြစ်အောင်တော့ မိဘတွေက သေချာကြည့်ရှုစောင့်ကြပ်ပေး ဖို့ လိုအပ်ပါတယ်။ ကလေးတွေစူးစမ့်လေ့လာနေတဲ့အချိန်မှာ သူတို့လေးတွေရဲ့စိတ်ကို မခြောက်လှန့်ပါနဲ့။ (ဥပမာ) - အဲဒီ့ကိုသွားရင် သရဲကိုက်လိမ့်မယ်၊ လူဆိုးကြီးဖမ်းသွားလိမ့် မယ် စတဲ့ ခြောက်လှန့်မှုတွေကို မလုပ်ပါနဲ့။ ကလေးတွေရဲ့ စိတ်ဟာ ဗလာသက်သက်ပဲမို့ သိမ်ငယ်စေမယ့်စိတ်တွေ ကြောက်ရွံ့စေမယ့်စိတ်တွေ မထည့်ပေးမိပါ စေနဲ့။ ဒါဟာ ဘဝတစ် သက်တာလုံး ပါသွားစေမယ့် အကြောင်းတရားတွေပါပဲ။

3. မရိုက်ပါနဲ့

ကလေးတွေအပေါ် အဆိုးဝါးဆုံးလုပ်ရပ်က အသားနာကြင်အောင် ရိုက်နှက်တာပါပဲ။ ဒါဟာ လုံး၀ မလုပ်သင့်တဲ့လုပ်ရပ်ပါ။ ချစ်စဖွယ်ရင်သွေးလေးတွေရဲ့ တီတီတာတာရယ်သံလေးတွေ အစား ငိုသံတွေဖုံးလွှမ်းနေခြင်းဟာ မဖြစ်သင့်တဲ့ဖြစ်ရပ်တစ်ခုပါ။ ကလေးတွေကိုရိုက်မယ့် အစား သူတို့လိုချင်တာတစ်ခုခုနဲ့ ချော့မြူပြီး လိမ္မာအောင်ပုံသွင်းသင့်ပါတယ်။ မိဘစကား နားထောင်တဲ့ သားသမီးဖြစ်ဖို့ဆိုတာ မိဘရဲ့ငယ်စဉ်ကတည်းက ဆုံးမသွန်သင်မှုတွေ 100% လိုအပ်ပါတယ်။ ကလေးဘ၀တွေဟာ ပျော်ရွှင်စရာအကောင်းဆုံးနဲ့ အလွတ်လပ်ဆုံး အချိန် တွေပဲမို့ ဒီလိုအခိုက်အတန့်လေးတွေ ပိုင်ဆိုင်ခွင့်ရနေတဲ့ သူတို့ဘဝလေးတွေကို အပြည့်အဝ လွတ်လပ်ပျော်ရွှင်ခွင့်ပေးသင့်ပါတယ်။

ကလေးငယ်တစ်ယောက်ရဲ့ဘ၀ ပျော်ရွှင်လွတ်လပ်စွာနဲ့ အကောင်းမွန်ဆုံးကြီးပျင်းဖို့ဆိုတာ မိဘတွေပေါ်မှာ အပြည့်အဝမူတည်ပါတယ်။ ကိုယ့်ရဲ့ချစ်စရာ ရင်သွေးငယ်လေးတွေရဲ့ဘဝကို အပြုံးပန်းလေးတွေ ထာဝရဆင်မြန်းနိုင်ဖို့အတွက် အပေါ်ကပြောခဲ့တဲ့ အချက်ကလေးတွေကို သေချာဖတ်ပြီး လုပ်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေဟာ ပျော်ရွှင်စရာ အကောင်းဆုံး ကလေးငယ်ဘဝကို ဖြတ်သန်းပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Own Creation (Htet)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။