သန္ဓေတားနည်း အမျိုးမျိုး ရှိကြပေမဲ့ အများစုကတော့ သောက်ဆေးတစ်မျိုးဖြစ်တဲ့ သန္ဓေတားဆေးကတ်ကို အသုံးပြုကြပါတယ်။

တာဆေးကို ဘယ်နေ့မှာ စသောက်ရမလဲ ???

- ရာသီပေါ်တဲ့ ပထမနေ့မှာ စသောက်မယ်ဆိုရင်တော့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

- လွန်ခဲ့တဲ့ ၅ ရက်အတွင်းမှာမှ ရာသီစလာထားတယ် ဆိုရင်လည်း စသောက်လို့ ရပါတယ်။

- ဒီဆေးက နို့ထွက်နည်းစေတဲ့အတွက် နို့တိုက်မိခင်တွေအနေနဲ့ မွေးဖွားပြီး ၆ လ အနေမှ စသောက်သင့်ပါတယ်။ ၆ လအတွင်းမှာ ကလေး နို့ဖြတ်ပြီးရင်တော့ နို့ဖြတ်ဖြတ်ပြီးချင်း စ သောက်လို့ ရပါတယ်။

- နို့မတိုက်တဲ့ မိခင်တွေအတွက်တော့ ကလေးမွေးပြီး ၃လ ပြည့်ရင် စသောက်လို့ ရပါတယ်။

- ကိုယ်ဝန်ပျက်ပြီး ရ ရက်အတွင်း စသောက်နိုင်ပါတယ်။

- တခြား သားဆက်ခြားနည်း တစ်ခုခုက ပြောင်းလျှင် ပြောင်းချင်း စသောက်လို့ ရပါတယ်။

- စသောက်ရမဲ့ ရက် ကျော်နေပေမဲ့ ကိုယ်ဝန်မရှိတာ သေချာရင်တော့ ဘယ်ရက်မှာဖြစ်ဖြစ် ဆေးကတ် စသောက်လို့ ရပါတယ်။

- ဆေးစသောက်ပြီး ရ ရက်အတွင်း လိင်ဆက်ဆံတာကို ရှောင်ပါ။ မရှောင်နိုင်ရင် ကွန်ဒုံးသုံးပါ။

တားဆေးကို ဘယ်လိုသောက်ရမလဲ ???

- ဆေးကတ်မှာ မျှားပြထားတဲ့အတိုင်း တစ်နေ့တစ်လုံး အချိန်မှန်မှန် သောက်ရပါမယ်။

- ဆေးကတ်ကုန်သွားရင် ရက်မခြားစေဘဲ ဆေးကတ်အသစ်ရဲ့ ပထမဆုံး ဆေးလုံးကို စသောက်ရပါမယ်။

တားဆေးကတ် အသုံးပြုလို့ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့

- ကိုယ်ဝန်မရရှိအောင် ထိထိရောက်ရောက် တားပေးတယ်

- လိင်ဆက်ဆံရာမှာ အနှောင့်အယှက် မဖြစ်ဘူး

- ရာသီပုံမှန် လာစေတယ်

- သွေးဆင်းတဲ့ပမာဏ နည်းသွားစေတဲ့အတွက် သွေးအားမနည်းအောင် ကာကွယ်ပေးတယ်

- ရာသီလာတဲ့အခါ ဗိုက်အောင့်တာ၊ ကိုက်ခဲတာတွေကိုပါ သက်သာစေတယ်

- သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာတွေကို မဖြစ်ပွားအောင် ကာကွယ်ပေးတယ်

ဆေးသောက်ခါစမှာ ဘာတွေဖြစ်တတ်လဲ ???

- မူးဝေခြင်း

- ပျို့ခြင်း၊ အန်ခြင်း

- ရာသီပေါ်ချိန်မဟုတ်ဘဲ သွေးနည်းနည်းဆင်းခြင်း

- ခေါင်းအနည်းငယ် ကိုက်ခြင်း

- ရင်သားတွေ တင်းခြင်း၊ နာကျင်ခြင်း

- အနည်းငယ် ၀လာခြင်း၊ ပိန်သွားခြင်း .. စတာတွေ ဖြစ်တတ်ပါတယ်။

ဆေးသောက်တာ ကြာလာရင်တော့ ဒီဘေးထွက်ဆိုးကျိုးလေးတွေ သက်သာသွားမှာဖြစ်ပြီး တစ်ချို့ဆိုရင်တော့ ဘယ်လို ဆိုးကျိုးကိုမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကလေးလိုချင်တဲ့ အချိန်မှာလည်း ဆေးသောက်တာကို ရပ်လိုက််ပြီး လ အနည်းငယ် အတွင်းမှာ ကိုယ်ဝန် ရနိုင်ပါတယ်။

သန္ဓေတားဆေးကတ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဗဟုသုတများကို ရရှိစေတာမို့ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကြဖို့လည်း အကြံပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - Marie Stopes Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။