မြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ခရီးထွက်ခွာခဲ့ပါတယ်။ သမ္မတဦးထင်ကျော်အနေဖြင့် တိုကျိုတွင် ကျင်းပမည့် Universal Health Coverage Forum အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်ရန်ထွက်ခွာခဲ့တာပါ။ ဒါ့အပြင် ဂျပန်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် အတွက် ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာကြပြီး ဒီဇင်ဘာ ၁၃ ဒေသစံတော် ချိန် နံနက် ၆နာရီ ၄၅ မိနစ်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပါတယ်။ 

မြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့အား ဂျပန်နိုင်ငံဝန်ကြီးချုပ် ၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. Hiroto Izumi၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာတရှီဟီဂူချီနှင့် ဂျန်ပန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် စောမင်း၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးတို့မှ တာဝန်ရှိ သူများနှင့် မိသားစုများက ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာ (Narita) လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ဒေသစံ တော်ချိန် မွန်းလွဲ ၃နာရီခွဲတွင် တိုကျိုမြို့ရှိ ကမာကူရ(Kamakura) ဗုဒ္ဓဆင်းတုတော် ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဗုဒ္ဓဆင်းတုတော် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးကာ Keio University မှ ပါမောက္ခဆရာတော် Sato Takao ထံ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ပါမောက္ခဆရာတော်နှင့် City Office မှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုသည့် တိုကျိုမြို့ရှိ The Imperial ဟိုတယ်၌ Tokyo University of Foreign Studies မှ မြန်မာစာပေနှင့် ယဉ်ကျေးမှုဘာသာရပ်ဌာန ပါမောက္ခ Ms.Keiko Tosa အား လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ စစ်သံမှူး ဗိုလ်မှူးချုပ်စောမင်း၊ သံရုံးနှင့် စစ်သံရုံးတို့မှ သံရုံးဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

Source – Pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။