ကိုယ်ပျောက်ဝတ်ရုံကိုထွင်နိုင်ခဲ့ကြပြီလား ဆိုတာကိုတောင် လူတိုင်းသိချင်နေကြမှာ အမှန်ပါပဲ။ ကိုယ်ပျောက်ဝတ်ရုံဆိုတာကတော့ လူတိုင်းတွေ အမြဲလိုလို စိတ်ကူးယဉ်ခဲ့ကြတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ကို်ယ်ပျောက်ဝတ်ရုံကတော့ သိပ္ပံဝတ္ထုတွေသာမက မှော်ပညာဇာတ်လမ်းတွေမှာပါ အမြဲလိုလိုပါလေ့ရှိပါတယ်။ နာမည်ကျော် မှော်ဇာတ်ကောင် ဟယ်ရီပေါ်တာမှာလည်း ကိုယ်ပျောက်ဝတ်ရုံတစ်ခုရှိပါတယ်။

ယခုအခါမှာတော့ တရုတ်နိုင်ငံကထွက်လာတဲ့ ဗီဒီယိုတစ်ခုမှာ ကိုယ်ပျောက်ဝတ်ရုံကို ပြသထားတာကိုတွေ့ရှိရပါတယ်။ အဆိုပါ တရုတ်နိုင်ငံလုပ် ကွမ်တမ်ကိုယ်ပျောက်ဝတ်ရုံလို့ အခိုင်အမာ ပြောနေတဲ့ ကုန်ပစ္စည်းအသစ်ကို လူမှုကွန်ရက် သုံးစွဲသူတွေကြား အံ့သြနေကြတယ်လို့ သိရပါတယ်။ တရုတ်လူမှုကွန်ရက် ဝီဘိုပေါ်မှာ အပျော်တမ်းရုပ်သံအဖြစ် ထွက်ပေါ်လာတဲ့ ရုပ်သံထဲမှာ အမျိုးသားတဦးက စားပွဲခင်းအရွယ် ဖောက်ထွင်းမြင်ရတဲ့ ဝတ်ရုံတခုကို သူ့အရှေ့မှာကိုင်ထားပြီး ကင်မရာရှေ့မှာ အဲဒီလူ ပျောက်ကွယ်နေတာကို တွေ့ရပါတယ်။ ရုပ်သံကို ကြည့်ရှုသူ ၂၁ ဒသမ ၄ သန်း ရှိခဲ့ပါတယ်။ 

အဆိုပါ သတင်းကို သတင်းဌာနအတော်များများမှာ ဖြန့်ဝေနေကြသလို တရုတ်နိုင်ငံ လူထုလုံခြုံရေးဝန်ကြီးဌာန၊ ရာဇဝတ်မှု စုံစမ်းရေးဌာနရဲ့ လက်ထောက်အကြီးအကဲ ချန်ကလည်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ မစ္စတာချန်က ဒီရုပ်သံကို သူ့ရဲ့ဝီဘိုအကောင့်မှာ ဒီဇင်ဘာ ၄ ရက်နေ့က ဖြန့်ဝေခဲ့ပြီး ကိုယ်ပျောက်ဝတ်ရုံက စစ်တပ်မှာ အသုံးဝင်နိုင်မယ်လို့ ရေးသားထားပါတယ်။ “ဒါက ဖောက်ထွင်းမြင်နိုင်တဲ့ အဝတ်စနဲ့ လုပ်ထားတဲ့ ကွမ်တမ်နည်းပညာ ဝတ်ရုံပါ။ ဒီဝတ်ရုံကို ဝတ်ထားသူရဲ့ ပတ်လည်မှာ ရှိတဲ့ အလင်းလှိုင်းတွေကို ဝတ်ရုံက အလင်းပြန်စေတယ်၊ ဒီလိုဖြစ်ရာကနေ ဝတ်ထားသူကို ပျောက်ကွယ်သွားစေတယ်” လို့ မစ္စတာချန်က ပြောပါတယ်။ ဒါပေမယ့် ဗွီဒီယိုရုပ်သံကို တည်းဖြတ်သူ ဇူကျန်ဆန်းက ကိုယ်ပျောက်ဝတ်ရုံဆိုတာ မရှိဘူးလို့ လစ်ဘရေးရှင်းဒေးလီး သတင်းဌာနကို ပြောလိုက်ပါတယ်။ ရုပ်သံကို အပြာရောင် ဒါမှမဟုတ် အစိမ်းရောင် ပလတ်စတစ်စနဲ့ ရိုက်ကူးပြီး တည်းဖြတ်ထားတာလို့ ဇူကျန်ဆန်းက ပြောပါတယ်။ အမှန်ပဲ ကိုယ်ပျောက်ဝတ်ရုံရှိမရှိ ဆိုတာကတော့ ထွက်လာမှာပဲသိရှိနိုင်မှာပါ။

Source – DvB, Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။