ကျိုက်ထီးရိုးစေတီကတော့ မြန်မာနိုင်ငံ၏ တန်ခိုးကြီးစေတီတစ်ဆူဖြစ်ပါတယ်။ ဘုရားဖူး ခရီးသွားများအနေဖြင့် မကြာခဏဆိုသလို လာရောက် ဖူးမျှော်လေ့ရှိပါတယ်။ ကျိုက်ထီးရိုးစေတီတော်က သာသနာ့နယ်မြေဖြစ်တာမို့ စည်းကမ်းတွေ တင်းကြပ်ထားပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးတောင်ပေါ်သို့ အရက်ဘီယာများ သယ်ယူသောက်စားခွင့် မပြုထားပါဘူး။

သို့သော် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်ကို အရက်၊ ဘီယာ သယ်ဆောင်မှုနဲ့ ပတ်သက်ပြီး ဂေါပကအဖွဲ့အနေနဲ့ တင်းကျပ်စွာ လုပ်ဆောင်မှုတွေ ရှိပေမယ့်လည်း ပုံစံမျိုးစုံနဲ့ သယ်ဆောင်မှုတွေရှိတယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး မေးမြန်းတဲ့ ကျိုက်ထီးရိုးဘုရားပေါ်ကို အရက်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာပါ။ ကျိုက်ထီးရိုးတောင်ပေါ်ကို အရက်တွေ သယ်ဆောင်ရာမှာ လစ်ပိုပုလင်းတွေကို အသုံးပြုပြီး ပါကင်ရိုက် သယ်ဆောင်မှုတွေ ရှိနေတဲ့အတွက် အချိုရည်ပုလင်းတွေနဲ့ သယ်ဆောင်မှုတွေကို ပိတ်ပင်ထားကာ စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ကျိုက်ထီးရိုးတောင်ပေါ်မှာ ယစ်မျိုးရောင်းချတာတွေကို ဒီနေ့အချိန်အထိ ခွင့်ပြုဆောင်ရွက်ထားမှုတွေ မရှိပါကြောင်းနဲ့ တရားမဝင် ရောင်းချတာတွေ သယ်ဆောင်တာတွေကိုလည်း မြို့နယ်တားဆီးနှိမ်နင်းရေးအဖွဲ့နဲ့ အမြဲတမ်း စောင့်ကြည့်ဖမ်းဆီး အရေးယူနေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အခုနှစ်အတွင်း ကျိုက်ထီးရိုးတောင်ပေါ် အရက်၊ ဘီယာ တရားမဝင် သယ်ဆောင် ရောင်းချတာတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၄ ရက်က ကျိုက်ထီးရိုးတောင်ပေါ် ကျီးကန်းပါးစပ်လမ်းက ဈေးဆိုင်ထဲမှာ တရားမဝင် အရက်ရောင်းချသူ ၂ ဦးကို ဖမ်းဆီးပြီး အလုပ်နဲ့ ထောင်ဒဏ် ၆ လတိတိ အရေးယူခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ကျိုက်ထီးရိုးဘုရား မုခ်ဝအနီး ခြင်းပလိုင်းနဲ့ သယ်ဆောင်လာသူ တဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့တယ်လို့လည်း သိရပါတယ်။

Source – DvB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။