ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း၌ နိုဝင်ဘာလ ၂၂ရက်နေ့တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးရန် လာရောက်သည့် အရပ်ဝတ်များ ဝတ်ဆင်ထားသော KIA တပ်ဖွဲ့ဝင် ၃ ဦးအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် အစိုးရတပ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

မိုးကောင်းမြို့နယ်၊ ဆောင်းခါကျေးရွာ၏ တောင်ဘက်ဝန်းကျင်တစ်ဝိုက်သို့ အစိုးရတပ်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် နိုဝင်ဘာလ ၂၂ရက်နေ့တွင် အရပ်ဝတ်များဝတ်ဆင်ထားပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးရန် လာရောက် သည့် KIA တပ်ဖွဲ့ဝင် ၃ ဦးအား အမှတ်(၂၀၅)စာတမ်းပါ ရီမုတစ်ခု၊ 9Bဓာတ်ခဲ ၂ လုံးပါ ယမ်းထုပ် ၁ ထုပ်(စနက်အုံပါ)တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ဆောင်းခါ ရွာသားတစ်ဦးမှ ပြောပြသည်။ “ ကျွန်တော်တို့က တောထဲကို ထင်းခုတ်ဖို့သွားတာပါ၊ အရပ်ဝတ်နဲ့ လူသုံးယောက်ကိုတွေ့ခဲ့ပြီး မသင်္ကာလို့ လမ်းမှာတွေ့တဲ့အစိုးရတပ်ကို သတင်းပေးလိုက်ပါတယ်၊ ကျွန်တော်ထင်တဲ့အတိုင်းပဲဗျာ၊ ဒီကောင်တွေက KIA အဖွဲ့ကလွှတ်လိုက်တဲ့ တပ်ဖွဲ့ဝင်တွေဖြစ်နေတာကိုသိလိုက်ရတယ်၊ ဒီကောင်တွေကို အစိုးရတပ်က ဖမ်းမိတော့ သူတို့လက်ထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေပါနေတာ သိလိုက်ရတယ်၊ အစိုးရတပ်နဲ့ တွေ့ပြီး ဖမ်းမိသွား လို့ တော်သေးတာပေ့ါ၊ဖမ်းလို့သာမမိရင် ဒေသခံပြည်သူတွေဘယ်လောက်များ သေကြေပျက်စီးပြီး ဒုက္ခရောက် ကြရမယ်ဆိုတာ မတွေးရဲစရာပါ၊

သူတို့မိုင်းထောင်တာတော့ မကြာခဏဆိုသလိုပါပဲ၊ ရွာအနီးနားပတ်ဝန်ကျင်နဲ့ လမ်းဘေး၊ ချောင်းဘေးတွေမှာ လိုက်ထောင်ကြတာပါ၊ ဟိုတလောကပဲ သူတို့ထောင်တဲ့မိုင်းကိုနင်းမိပြီး ရွာသား တစ်ယောက်ဒဏ်ရာရသွားသေးတယ်၊ အခုချိန်ထိလည်းဆေးရုံက မဆင်းရသေးပါဘူး၊ ထောင်တာကတော့ အစိုးရတပ်ကိုထောင်တာပဲလေ၊ မိုင်းထိတော့ ဒေသခံတွေကိုထိတာများတယ်၊ အမျိုးမျိုးဒုက္ခပေးနေတဲ့ KIAအဖွဲ့တွေ ဘဝနိဂုံးမြန်မြန်ချုပ်ပါစေလို့ ဆုတောင်း ပါတယ် ဗျာ ” ဟု ၎င်းက ဆက်လက်ပြောပြသည်။အစိုးရတပ်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဖောက်ခွဲရေးပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် KIA တပ်ဖွဲ့ဝင် ၃ ဦးမှာ စင်းလီ ၂၂ နှစ်၊ ဒွဲလာ ၃၅ နှစ်နှင့် ဦးမေးယုဝါ(ခ)မားဒူး ၄၅ နှစ်တို့ဖြစ်ကြောင်းနှင့် ၎င်းတို့အား စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။