မင်းသားတစ်ယောက်ဖြစ်တဲ့အပြင် ဒါရိုက်တာအလုပ်ကိုပါတွဲဖက်လုပ်ကိုင်နေတဲ့ ဘုဏ်းသိုက်တစ်ယောက်ကတော့ အခုနောက်ပိုင်းမှာ လူငယ်စာရေးဆရာနဲ့ပါ မြင်တွေ့လာရပါတယ်။ သူရဲ့ပထမဆုံးစာအုပ်အနေနဲ့ " လူငယ်နဲ့ အိမ်မက် နိုင်ငံတော်" ဆိုတဲ့ စာအုပ်ကိုရေးထွက်ရှိခဲ့သူ ဖြစ်ပါတယ်။ ကဗျာတွေ စာတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မကြာခဏရေးတင်လေ့ရှိသူပီပီ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာလည်း အဓိပ္ပာယ် များစွာပါဝင်တဲ့ ကဗျာလေးတစ်ပုဒ်ကို အခုလိုရေးသားခဲ့ပါတယ်။

ဆောင်း ရောက်ပြီ။

သို့သော်

မအေးသေး..။

အအေးဓါတ်မှ လွဲလျှင် လူအများသည်

အအေးခံရန် အသင့် ဖြစ်နေကြပြီ။

အခန်းထဲတွင်

တစ်မိုးတွင်းလုံး စွတ်စိုခဲ့ရသမျှသော

အနွေးဓါတ်များ အားလုံး

အငွေ့ပျံ ခမ်းခြောက်ကုန်ကြပြီ။

ထို့ကြောင့်

အေးစက်လာသည်။

အနည်းငယ် ရှုပ်ထွေးပုံရသော်လည်း

အရိုးရှင်းစင်း ပြကွက်များချည်း ထပ်တလဲလဲ ပြတတ်သော

ပြဇာတ်အား ဘဝ ဟု နာမည်ပေးလိုက်ကြသည်။

ထိုပြဇာတ်အား အလုအယက် တိုးကြိတ်၍

ဘဝ ကိုဝင်ကြည့်ကြသည်။

ဘဝ ဆိုတာ ပြဇာတ်ပါလား ဆိုတာကို

တစ်ချက်မေ့သွားကြသည်။

ဘဝ ကို နှစ်သက် လာကြသည်။

ထပ်ဖန်တလဲလဲ ကြည့်ဖူးပြီးသား

ပြဇာတ် ဟောင်း ဖြစ်သော်လည်း

ခေါင်းစဉ် အသစ် ဖြစ်သောကြောင့်

ဘဝ ကို

တစ်ဖန် ပြန်၍ အသစ်လို ခံစားလိုက်ကြသည်။

သံသရာ တစ်ပတ် ပြန်လည် သွားသည်။

အဖြူ အမည်း ဓါတ်ပုံ များ နံရံပေါ် ပြန်တက်သွားကြသည်။

ဗီဒိုထဲရှိ ဂျက်ကတ် အဟောင်းများ

ကိုယ်ပေါ် ပြန်ရောက်သွားကြသည်။

အလှုခံ မဏ္ဍပ်မှ မယ်ဒလင်သံ ခပ်စူးစူး က လွင့်လာသည်။

တွံတေးစိုးအောင် ပြန်လာပြီ။

မဆီမဆိုင်

ပင့်သက်တစ်ခုကို ခပ်ဖွဖွ ချလိုက်မိသည်။

___________________ ... ____________

ရာသီပြောင်းလဲချိန် ရောက်သဖြင့်

ရွက်သစ်လဲရန်အတွက်

သစ်ပင် ပေါ်ရှိ သစ်ရွက်များ တဖြုတ်ဖြုတ် ကြွေကုန်ကြပြီ။

ငယ်ဘဝက ကြည့်ခဲ့ဖူးသည့် အိမ်နံရံပေါ်ရှိ

ပြက္ခဒိန်သည် ဘာမျှ မပြောင်းလဲ။

ပြက္ခဒိန် ထဲရှိ နုပျိုသော မင်းသမီးသာ အိုမင်းခြင်းသို့

ပြောင်းလဲသွားသည်။

မင်းသမီး ပတ်ထားသော နာရီအား လှမ်းကြည့်လိုက်မိသည်။

၆ နာရီ ထိုးရန် ၅ မိနစ် အလို ....

ထိုနာရီထဲရှိ အချိန်သည် ဓါတ်ပုံထဲတွင်

ခပ်တည်တည်သေဆုံးနေသည်။

အချိန်ဆိုသည်မှာ ဝီရိယကောင်းလွန်းသော

နောက်ကျခြင်း သာ ဖြစ်ကြောင်း

သူ က တွေးနေမိသည်။

ရုတ်တရက်

မယ်ဒလင်သံ လိုလို ကြားလိုက်ရသဖြင့်

သူ့ကျောထဲ စိမ့်ကနဲ ဖြစ်သွားပြန်သည်။

အာရုံသည် သူ ကြိုက်သော အရာကို စွဲလမ်း တတ်သလို

သူကြောက်သော အရာအားလည်း လှမ်းလှမ်း ဆွဲ တတ်

ကြောင်း သူ သိသည်။

တွံတေးစိုးအောင် ပြန်လာတော့မည် ဖြစ်သည်။

ဘုဏ်းသိုက်

၁၅:ဒီဇင်ဘာ:၂၀၁၇

ရန်ကုန်

သူကတော့ သရုပ်ဆောင် ၊ဒါရိုက်တာနဲ့ စာရေးဆရာ အလုပ်တွေဟာ အနုပညာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေတယ်လို့ လက်ခံထားသူလည်း ဖြစ်ပါတယ်။ကဗျာတွေကို နှစ်သက်သဘောကျတဲ့ Myanmar Load စာဖတ် ပရိသတ်ကြီးလဲ အဓိပ္ပာယ်များစွာ ပါဝင်တဲ့ ဒီကဗျာလေးကိုဖတ်ပြီး တခုခုခံစားမိမယ် ထင်ပါတယ်။

Source - Hpone Thike FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။