ရန်ကုန်၊ နိုဝင်ဘာ ၂၅

၂၄.၁၁.၂၀၁၆ ရက်နေ့ ၁၉း၂၅ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ ဟံသာဝတီဘူတာနှင့် လှည်တန်းဘူတာကြား၊ မိုင်တိုင်အမှတ်(၄/၁၂) ရထား သံလမ်းပေါ်တွင် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အသက်(၁၀)နှစ်ခန့်ရှိ မိန်းကလေးငယ် တစ်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာများ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးတွင် လွယ်အိတ်(၂)လုံးနှင့် ခဲတံ ချွန်ခေါက်ဓားတစ်ချောင်းတို့အား တွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၆၄၁/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအားဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

အမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက စစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးအောက်ထိပ်နေ မဝင်းဝင်းအေး၊ (၁၀)နှစ်ဖြစ်ပြီး ၎င်း၏မိခင်မဌေးနှင့်အတူ လှည်းတန်းဂုံးတံတား အောက်တွင် ပန်းရောင်းသည့် အလုပ်လုပ်ကိုင်ကြောင်းကို မိခင်ဖြစ်သူ၏ ပြောဆိုချက် အရ အတည်ပြု သိရှိခဲ့ရပါသည်။

စစ်မေးချက်အရ ၂၄.၁၁.၂၀၁၆ ရက်နေ့တွင် ၎င်းနှင့် သမီးဖြစ်သူ တို့ လှည်းတန်းဂုံးတံတားအောက်၌ ပန်း ရောင်းနေစဉ် ညီမဖြစ်သူမိဆယ်၏ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင်(ခ)ကျော်ကြီး ရောက်ရှိလာပြီး ၎င်းတစ်ဦးထဲ ပိုက်ဆံတောင်းရမ်း နေသည်မှာ အဆင်မပြေသဖြင့်

သမီးဖြစ်သူအား ထည့်ပေးရန်ပြောရာ သမီးဖြစ်သူ မဝင်းဝင်းအေးအား ထည့်ပေးလိုက်ကြောင်း၊ ၎င်းနောက် ၁၉း၄၅ အချိန်တွင် ပြာဂလောင်(ခ)ကျော်ကြီးမှာ တစ်ဦး တည်း ပြန်လည်ရောက်ရှိလာသဖြင့် သမီးဖြစ်သူအား

မေးမြန်းရာ အရင်ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောဆို သော်လည်း ၎င်းမှ သမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း ပြန်ပြောရာ ပြာဂလောင်(ခ)ကျော်ကြီး မှ လိုက်ရှာဦးမည်ဟုပြောဆို၍ အင်းယားကန်ဘောင် ဘက်သို့ ထွက်သွားခဲ့ကြောင်း၊ ၎င်းမှလည်း သမီးဖြစ်သူ အား လိုက်လံရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်များမှ မိန်းကလေး ငယ်တစ်ဦး သေဆုံးနေကြောင်း ဓါတ်ပုံအားပြသသဖြင့် ကြည့်ရှုရာမှ သမီးဖြစ်သူမှာ ဟံသာဝတီဘူတာနှင့် လှည်းတန်း ဘူတာကြား ရထားသံလမ်းပေါ်တွင် ဒဏ်ရာ များဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းသိရှိရပြီး အနီးတွင်လည်း ပြာဂလောင်(ခ)ကျော်ကြီး လွယ်သွား သော အပြာအဖြူစိမ်း ပတ်လည်စင်းပါ ချည်လွယ်အိတ် အား တွေ့ရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ ပြာဂလောင်(ခ)ကျော်ကြီးအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။