ဘောလုံးပွဲဆိုတာကတော့ မြန်မာနိုင်ငံသားတွေ အရူးအမှုးအားပေးတဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။ ဘောလုံးပွဲပရိသတ်များကို နေရာတကာတိုင်းတွင် တွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် ဘောလုံးပွဲကို လောင်းကစားလုပ်သူများကလည်း မနည်းလှပါဘူး။ ယခုအခါတွင်လည်း ဘောလုံးပွဲလောင်းကြေးရှုံးသောကြောင့် ကျပ်သိန်း၂၀၀ကျော်ခိုးမှုဖြစ်ပွားခဲ့ပါတယ်။ ဘောလုံးပွဲကြွေးဆပ်ရန် ကျောက်တံတားမြို့နယ်ရှိ ကုမ္ပဏီရုံးခန်းတစ်ခုမှ ငွေကျပ် သိန်း ၂၀၀ ကျော် ခိုးယူခဲ့သည့် ကုမ္ပဏီဝန်ထမ်းပါ သုံးဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ရ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ကုမ္ပဏီရုံးခန်းတစ်ခုတွင် တပ်ဆင်ထားသော စီစီတီဗွီကင်မရာမှာ အရုပ်မပေါ်သဖြင့် လိုက်လံကြည့်ရှုစစ်ဆေးရာ ရုံးခန်းအတွင်း တပ်ဆင်ထားသည့် စီစီတီဗွီ ကင်မရာကြိုးများမှာ ပြတ်နေပြီး စီစီတီဗွီကင်မရာတစ်လုံးကို တိပ်ဖြင့် ကပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ထို့ကြောင့် ကုမ္ပဏီတာဝန်ရှိသူများက ၀န်ထမ်းများအတွက် လစာပေးရန်ထားသည့် ငွေများအား စစ်ဆေးရာ ကျပ်သိန်း ၁၇၀၀ အနက် ကျပ်သိန်း ၂၀၀ ကျော် လျော့နည်းပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး ကျောက်တံတားမြို့မ ရဲစခန်းက (ပ)၄၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ယင်းသို့ဆောင်ရွက်ရာ စီစီတီဗွီကင်မရာကြိုးများ မပြတ်တောက်မီ တွေ့ရှိရသည့် အခြေအနေများနှင့် မှတ်တမ်းအထောက်အထားများအရ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အောင်ကြည်ငြိမ်းဆိုသူအား မသင်္ကာ၍ စစ်ဆေးရာ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး ၎င်းနှင့်အတူ သန့်ဇင်ငြိမ်းဆိုသူနှင့် အောင်ဟံသင်းဆို သူတို့မှာလည်း ကျူးလွန်ရာတွင် ပါ၀င်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ 

ပြစ်မှုကျူးလွန်သူများအား စစ်ဆေးရာ ဒီဇင်ဘာ ၆ ရက်တွင် ကုမ္ပဏီဝန်ထမ်း အောင်ကြည်ငြိမ်းက ရုံးခန်းအတွင်း ကောင်တာဘေးရှိ မှန်တံခါးအတွင်း ချိတ်ဆွဲထားသည့် သော့တွဲနှစ်တွဲကို အခြားဝန်ထမ်းများ မသိအောင် ရယူ၍ သော့ပြင်ဆိုင်တစ်ဆိုင်တွင် သော့အတု ပြုလုပ်ခဲ့ကာ ယူဆောင်လာသည့် သော့တွဲ နှစ်တွဲကို မူလနေရာတွင် ပြန်လည်ချိတ်ထားခဲ့ကြောင်း သိရပါတယ်။ “သော့အတု ပြုလုပ်ပြီးတော့ သူငယ်ချင်း နှစ်ယောက်ကို ခေါ်တယ်။ အောင်ဟံသင်းနဲ့ သန့်ဇင်ငြိမ်းတို့နှစ်ဦးကို။ သူတို့တွေ တိုင်ပင်ပြီး အဲဒီနေ့ ညပိုင်းမှာ ရုံးခန်းကို သော့အတုနဲ့ဖွင့်ပြီး အထဲကိုဝင်တယ်။ စီစီတီဗွီကြိုးတွေကို အရင်ဖြတ်တယ်လို့ သိရတယ်။ ကျူးလွန်ရတဲ့ အကြောင်းရင်းက ဘောလုံးပွဲရှုံးတော့ အကြွေးတွေဆပ်ဖို့ရှိလို့ ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးသိရှိရတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းနောက် မန်နေဂျင်းဒါရိုက်တာရုံးခန်းအတွင်း စီစီတီဗွီကင်မရာကို တိပ်ဖြင့်ကပ်ခဲ့ကာ အခန်းအတွင်းရှိ ၀န်ထမ်းလစာ ငွေများအနက် ကျပ် ၂၀၄ သိန်းခန့်ကို ယူဆောင်လာခဲ့ကြောင်း သိရသည်။ ခိုးယူသူများထံမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိရေး ဆောင်ရွက်ရာ မြန်မာငွေ ကျပ် ၁၂၁ သိန်း၊ အမေရိကန် ဒေါ်လာ ၁၀၀ တန် ၂၉ ရွက်၊ အိုင်ဖုန်းတစ်လုံးနှင့် ဆမ်ဆောင်းဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကျန်ငွေများကို သုံးစွဲထားသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။