မြန်မာနိုင်ငံကတော့ အရင်ကတည်းကနေ ယခုချိန်ထိ လျှပ်စစ်ဓာတ်အားမလုံလောက်တဲ့ အခြေအနေကိုရင်ဆိုင်နေရပါတယ်။ အစိုးရအဆက်ဆက်အနေဖြင့် ဓာတ်အားပေးစက်ရုံသစ်များကို တည်ဆောက်ခဲ့ပါတယ်။ သို့သော် ယနေ့အချိန်ထိ အချို့သော ဒေသများတွင် လျှပ်စစ်ဓာတ်အားမရရှိရှိသေးပေ။ ယခုအခါတွင် ဓာတ်အားပေးစက်ရုံသစ်၂ခုကို ၂၀၁၈နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဟု သိရှိရပါတယ်။ မဂ္ဂါ၀ပ် ၁၂၀ ထွက်ရှိမည့် သထုံဓာတ်အားပေးစက်ရုံနှင့် ၁၀၆ မဂ္ဂါ၀ပ်ထွက်ရှိမည့် သာကေတဓာတ်အားပေးစက်ရုံများ ၂၀၁၈ နှစ်ဆန်းတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်ရှိ ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရပါတယ်။ သထုံ မဂ္ဂါ၀ပ် ၁၂၀ ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် မွန်ပြည်နယ်၊ သထုံဒေသ၊ သထုံဓာတ်အားပေးစက်ရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသော နိုင်ငံပိုင်ဓာတ်အားပေး စက်ရုံတစ်ရုံဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် တင်ဒါအောင်မြင်ခဲ့သော China Energy Engineering Group Co.,Ltd (CEEC) တို့ Engineering Procurement Construction-EPC စာချုပ်ချုပ်ဆို၍ ဆောင်ရွက်နေသော စီမံကိန်းဖြစ်ပါတယ်။ ယခုအချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပြီး လက်ရှိရယူသုံးစွဲနေသော ဓာတ်ငွေ့ခွဲတမ်းကို အသုံးပြု၍ Efficiency ကောင်းမွန်သော ဓာတ်အားပေးစက်များဖြင့် ဓာတ်အားထုတ်လုပ်မည်ဖြစ်ပါတယ်။

ထို့နောက် နိုင်ငံတော်ဓာတ်အား စနစ်နှင့် ချိတ်ဆက်ပို့လွှတ်ခြင်းဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသများအတွက် ဓာတ်အားလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ ထို့အတူ သာကေတ ၁၀၆ မဂ္ဂါ၀ပ်ဓာတ်အားပေး စက်ရုံစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး သာကေတဓာတ်အားပေးစက်ရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသော ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းနှင့် U-Energy Thaketa Power Company (UREC) (China) တို့ Power Purchase Agreement -PPA စာချုပ်ချုပ်ဆို၍ ဆောင်ရွက်နေသော စီမံကိန်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရာခိုင်နှုန်း ၈၀ ခန့်ပြီးစီးပြီဖြစ်သည်။ အဆိုပါ စီမံကိန်းမှ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် နိုင်ငံတော် ဓာတ်အားစနစ် လိုအပ်ချက်ကို တိုးမြှင့်ပေးပို့ နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရပါတယ်။

Source – Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။