ယခုလက်တလောမှာတော့ ဥရောပနိုင်ငံအများစုမှာ အကြမ်းဖက်တစ်ချို့ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပါတယ်။ အချို့ဖြစ်ရပ်များကိုတော့ မဖြစ်ပွားခင်မှာ ကြိုတင်ကာကွယ်နိုင်ခဲ့ပါတယ်။ ယခုအခါမှာလည်း ရုရှားနိုင်ငံတွင်အကြမ်းဖက်မှုတစ်ခုကို ကြိုတင်ကာကွယ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့ ရုရှားတွင်အကြမ်းဖက်မှုတစ်ခုကို ကြိုတင်ကာကွယ်နိုင်ခဲ့ရာတွင် အမေရိကန်၏ကူညီမှုကလည်း အခရာကျခဲ့ပါတယ်။

အမေရိကန်၏ ကြိုတင် သတင်းပို့ သတိပေးမှုကြောင့် ရုရှားတွင် အကြမ်းဖက်မည့် အစီအစဉ်တစ်ခုကို ကြိုတင် တားဆီးနိုင်ခဲ့ကြောင်း ရုရှားအစိုးရက အတည်ပြု ထုတ်ပြန်ခဲ့တာပါ။ ယင်းကိစ္စနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ထံ ဖုန်းဆက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။ ကရင်မလင် နန်းတော်၏ ထုတ်ပြန်ချက်၌ စိန့်ပီတာစဘာ့ဂ်မြို့၊ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မည့် အစီအစဉ်ကို အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ)က ထောက်လှမ်း သိရှိပြီးနောက် ရုရှား အာဏာပိုင်များထံ အကြောင်းကြားခဲ့ခြင်းဟု ဖော်ပြထားခဲ့ပါတယ်။ အဆိုပါ သတိပေးချက်ကို ရရှိသည်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အလျင်အမြန် တုံ့ပြန်ခဲ့ပြီးနောက် အကြမ်းဖက်မှု ကျူးလွန်ရန် ကြံစည်သူများကို ဟန့်တား ဖမ်းဆီးနိုင်ခဲ့ကြောင်း ရုရှားအာဏာပိုင်များက ဆိုပါတယ်။

အမေရိကန် အစိုးရ အရာရှိ တစ်ဦးကလည်း ထရမ့်နှင့် ပူတင်တို့ ဖုန်းဆက်သွယ် စကားပြောခဲ့ကြောင်း အတည်ပြုခဲ့သည်။ သို့သော် ရုရှားနှင့် ထောက်လှမ်းရေး အချက်အလက်များ ဝေမျှခဲ့သည်ဆိုသော ကိစ္စအပေါ် မှတ်ချက် မပေးခဲ့ပေ။ ရုရှားသတင်းဌာနများက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားအစိုးရ လုံခြံုရေး တပ်ဖွဲ့ဝင်များသည် အိုင်အက်စ် စစ်သွေးကြွ အုပ်စုနှင့် အဆက်အနွှယ် ရှိနေသည့် အကြမ်းဖက် ဝါဒီများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၎င်းတို့သည် ဒီဇင်ဘာ ၁၆ ရက်တွင် စိန့်ပီတာစဘာ့ဂ်ရှိ ကာဇန်စကီ ဘုရားကျောင်းကို ဗုံးခွဲရန် ကြံရွယ်ထားခြင်းဟု သိရှိရပါတယ်။ ဖမ်းဆီးရမိသူများနှင့် ပတ်သက်၍မူ ကရင်မလင် နန်းတော်က အသေးစိတ် ကြေညာချက် မထုတ်ပြန်သေးချေ။ ထရမ့်နှင့် ဖုန်းပြောချိန်၌ ပူတင်က အကယ်၍ အမေရိကန်မြေတွင် အကြမ်းဖက် တိုက်ခိုက်နိုင်သည့် ထောက်လှမ်းရေး သတင်းအချက်အလက်များ သိရှိလာပါကလည်း ရုရှား အာဏာပိုင်များက ချက်ချင်းဆက်သွယ် သတိပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရပါတယ်။

Source – Reuters, 7 Days New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။