အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့တာကြောင့် ထိခိုက်သူတွေကတော့ ဘာမှန်းတောင်သိလိုက်ပုံမရပါဘူး။အမေရိကန် အမျိုးသား ရထားခရီးသည် သယ်ယူပို့ဆောင်ရေး ကော်ပိုရေးရှင်း Amtrak ၏ ခရီးသည်တင် ရထားတစ်စင်းသည် ၀ါရှင်တန်ပြည်နယ်တွင် ဒီဇင်ဘာ ၁၈ ရက်က လမ်းကြောင်းသစ် တစ်ခုကို ပထမဆုံး စတင်ပြေးဆွဲစဉ် လမ်းချော်မှု ဖြစ်သွားခဲ့သည်။ ဖြစ်စဉ်မှာ နံနက်ခင်း ယာဉ်ကြောကျပ်သည့် အချိန်တွင် ထိုရထားသည် ရထားလမ်းတံတားပေါ်မှ အောက်၌ရှိနေသော အဝေးပြေးလမ်းပေါ်သို့ ထိုးကျသွားခဲ့ရာ လူသုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု အစိုးရအရာရှိများက ပြောကြားခဲ့သည်။

ခရီးသည် ရ၇ ဦးနှင့် အမှုထမ်းခုနစ်ဦးတို့ လိုက်ပါလာသည့် ထိုရထားသည် တာကိုမာနှင့် ပြည်နယ်မြို့တော် အိုလံပီယာတို့ကြားမှ ခရီးတစ်ဝက်ခန့်တွင်ရှိသော DuPont ၌ ဒေသစံတော်ချိန် နံနက် ရ နာရီ ၄၀ ၀န်းကျင်က လမ်းချော်ခဲ့ခြင်းဖြစ်သည်။ အရှိန်အမြန်နှုန်းဖြင့် သွားနေသော Amtrak ရထားသည် ကားကြပ်နေသည့် အမှတ်ငါး အဝေးပြေး လမ်းမပေါ်သို့ ဖြတ်ဆောက်ထားသည့် တံတားအကွေ့တွင် လမ်းချော်ကာ ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။ 

ယာဉ်ငါးစီးနှင့် ထရပ်ကားနှစ်စီးတို့ ရထားတိုက်ခံခဲ့ရသော်လည်း အဝေးပြေးကားလမ်းပေါ်၌ မည်သူမျှ သေဆုံးခဲ့ခြင်း မရှိခဲ့ပေ။ Amtrak ရထားတွဲတစ်စင်းမှာ ပတ်လက်လန်သွားပြီး အခြားရထားတွဲများမှာ ရထားဖြတ် တံတားပေါ်မှ တွဲလောင်းကြီး ကျနေသည်ကို သတင်းဓာတ်ပုံများထဲတွင် တွေ့ရသည်။

ရထားတွဲ ၁၄ တွဲပါသော ထိုရထား၏ ရထားတွဲ အချို့သည့် အဝေးပြေး လမ်းပေါ်သို့ ကျသွားသဖြင့် ဆီယက်တယ် မြို့ပြနေရာနှင့် အိုလံပီယာတို့ကို ဆက်သွယ်ထားသည့် အချက်အချာ ကားလမ်းတွင် ပိတ်ဆို့မှုများ ဖြစ်ခဲ့ကြသည်။ ယင်းဖြစ်စဉ်အတွင်း လူ ၁၀၀ ခန့်ကို ဆေးရုံသို့ ခေါ်သွားခဲ့ရပြီး ၁၀ ဦးခန့်၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ရထားသည် လမ်းချော်မှုဖြစ်စဉ်က တစ်နာရီ မိုင် ရ၀ မှ ၈၀ နှုန်းကြားတွင် အရှိန်ဖြင့် သွားနေခဲ့သည်ဟု သိရသည်။

တောင်ဘက်သို့ စုန်ဆင်းသော Amtrak ရထား ၅၀၁ ၏ ရထားလမ်းချော်သွားရသည့် အကြောင်းရင်းကို သက်ဆိုင်ရာ အရာရှိများက မပြောခဲ့ကြပေ။ ယင်းရထားသည် ဆီယက်တယ်နှင့် အော်ရီဂွန်ပေါ့လန်း တို့ကြားတွင် ပိုမိုမြန်ဆန်သော ဆက်သွယ်မှု ပေးမည်ဟု ကတိပေးထားသော ၀န်ဆောင်မှုသစ်အတွင်း ပထမဆုံးအကြိမ် ပြေးဆွဲခဲ့ခြင်းလည်းဖြစ်သည်။ ဒေသဆိုင်ရာ အရာရှိများကမူ ရထားလမ်းသည် အရှိန်ဖြင့် ပြေးနေသည့် ရထားများဒဏ်ကို ခံနိုင်ဦးမည် မဟုတ်ဟု ပြီးခဲ့သည့် သီတင်းပတ်များကပင် သတိပေးခဲ့သည်ဟု သိရသည်။

နည်းပညာ အချက်ပြမှုများ၊ ရထားလမ်းများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင် ခြင်းများ ပါ၀င်သည့် ဒေါ်လာ ၁၈၁ သန်းတန်ဖိုး ရှိ အဆင့်မြှင့်တင်ရေး စီမံကိန်းအတွင်း ပိုမိုမြန်ဆန်သော ရထားလမ်း ၀န်ဆောင်မှု စတင် ပြေးဆွဲရေး အစီအစဉ်မှာ ယခု မတော်တဆမှုကြောင့် ပျက်စီးခဲ့ရပြီဖြစ်သည်။

source - eleven media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။