၀က်ခြံဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီး ရှိပါတယ်။ ဝက်ခြံက ခန္ဓာကိုယ်ရဲ့ အဆီဂလင်းတွေ အများအပြားရှိတဲ့ နေရာမှာ ပေါက်တတ်ပါတယ်။ တကယ်လို့ ဒီဝက်ခြံတွေကို အသေအချာ ဂရုမစိုက်ဘူးဆိုရင်တော့ ဒီဝက်ခြံတွေက အမာရွတ်တွေအဖြစ်လည်း ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ အဆီပြန်ခြင်း၊ အရေပြားဆဲလ်သေတွေ၊ ချွေးပေါက်ပိတ်ဆို့ခြင်း၊ ဘက်တီးရီးယားပိုးများ ရှိခြင်း၊ ဟော်မုန်း မညီမျှတာခြင်း (ဥပမာ- လူပျိုဖော်ဝင်တာ၊ အပျိုဖော်ဝင်တာနဲ့ ကိုယ်ဝန်ဆောင်ခြင်း) တို့ပဲ ဖြစ်ပါတယ်။ ၀က်ခြံ ရှိနေပြီဆိုရင်တော့ မဖြစ်မနေ သိထားသင့်တဲ့ အချက်အလက် (၁၀)ချက် ကိုလည်း ဖော်ပြပေးလိုုက်ပါတယ်။  

၁။ ဝက်ခြံတွေကို မဆိတ်ဆွပါနဲ့။

အကောင်းဆုံးနည်းလမ်းက ဝက်ခြံကို မဆိတ်ဆွဘဲ သည်အတိုင်းထားလိုက်ပါ။ ဝက်ခြံပျောက်စေနိုင်တဲ့ ဂျယ်လ်တစ်မျိုးမျိုး လိမ်းပေးတာမျိုးကိုတော့ လုပ်ဆောင်နိုင်ပါတယ်။

၂။ အရေပြားကို အလွန်အကျွံသန့်ရှင်းတာမျိုး၊ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုးကို ရှောင်ကြဉ်ပါ။

အရေပြားကို ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာက ကောင်းတာထက် ဆိုးတာကပိုများပြီး အလွန်အကျွံ သန့်ရှင်းတာက အရေပြားကို ကျိန်းစပ်စေပြီး ရောင်ရမ်းမှုတွေကို ပိုဆိုးစေပါတယ်။ ဒါ့အပြင် အမာရွတ်ကိုလည်း ကျန်စေနိုင်ပါတယ်။ အသင့်တော်ဆုံးကတော့ တစ်နေ့ကို ၂ ကြိမ် သန့်ရှင်းတာပဲ ဖြစ်ပါတယ်။

၃။ Anti-Acne cream တွေလိမ်းပေးနိုင်ပါတယ်။

ဝက်ခြံသက်သာစေနိုင်တဲ့ ခရင်မ်တွေကို လုံလောက်တဲ့ ပမာဏအတိုင်း မကြာခဏလိမ်းပေးတာက ဝက်ခြံတွေကို အချိန်တိုအတွင်းပျောက်ကင်းစေနိုင်ပါတယ်။ 

၄။ ဆဲလ်သေတွေကိုဖယ်ရှားပါ။

မနက်အိပ်ယာ ထထချင်း salicylic acid ပါတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာကို သန့်စင်ပေးတာက မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာမှာအထောက်အကူဖြစ်စေပါတယ်။

၅။ ချွေးပေါက်တွေ ပိတ်ဆို့မနေအောင်လုပ်ဆောင်ပါ။

ချွေးပေါက်တွေပိတ်ဆို့မှုကို သက်သာစေဖို့ဆိုရင် မျက်နှာအရေပြားပေါ်က မွှေးညှင်းပေါက်တစ်ခုချင်းစီကို သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။

၆။ စိတ်ဖိစီးမှုတွေကို နေရာမပေးပါနဲ့။

စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေက ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့ ကော်တီစောနဲ့ အက်းဒရီနယ်လင် ဟော်မုန်းတွေကို တိုးစေတာနဲ့ တိုက်ရိုက် အချိုးကျနေတာကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ 

၇။ အစားအသောက် ဆင်ခြင်ပါ။

ချဉ်ငံစပ်တွေ အလွန်အကျွံ စားသုံးခြင်းကလည်း ၀က်ခြံဖြစ်စေမှုကို အားပေးရာ ရောက်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အသီးအရွက်၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ ထည့်သွင်းစားသုံးသင့်ပါတယ်။

၈။ အသားအရေနဲ့လိုက်ဖက်မယ့် ဝက်ခြံပျောက်ဆေးကို ရွေးချယ်ဝယ်ယူပါ။

တစ်ယောက်နဲ့တစ်ယောက် အရေပြားအမျိုးအစား မတူတာကြောင့် ဝက်ခြံသက်သာစေဖို့ သုံးတဲ့ ပစ္စည်းအမျိုးအစားမှာလည်း ကိုယ်နဲ့ လိုက်ဖက် သင့်တော်ဖို့ အရေးကြီးပါတယ်။ အရေပြား ဆရာဝန်နဲ့ တိုင်ပင်တာကတော့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

၉။ အညွှန်းမှာ non-comedogenic လို့ပါတဲ့ မိတ်ကပ် နဲ့ ခရင်မ်တွေကိုရွေးချယ်ဝယ်ယူပါ။

အဆီဓာတ်မပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ် နဲ့ ဂျယ်လ်အမျိုးအစား အစိုဓာတ် ထိန်းခရင်မ်တွေကို ရွေးချယ်ဝယ်ယူပါ။ နေလောင်ကာခရင်မ်ဝယ်ယူတဲ့အခါမှာလည်း ဂျယ်လ်ကို အခြေခံပြီးထုတ်ထားတာမျိုးကို အဓိကထား ဝယ်ယူပေးပါ။

၁၀။ အချိန်မဆိုင်းပါနဲ့။

ဝက်ခြံကုသဖို့ဆုံးဖြတ်ထားတယ်ဆိုရင် တတ်နိုင်သမျှ မြန်မြန် အကောင်အထည်ဖော်တာက အကောင်းဆုံးပါ။

ဒီအချက်အလက်တွေက ၀က်ခြံကြောင့်ဖြစ်နေတဲ့ စိတ်ဖိစီးမှု၊ စိတ်ညစ်စရာတွေကို ဖြေရှင်းနိုင်တဲ့အပြင် ၀က်ခြံ ကင်းစင်တဲ့ အသားအရေလေးကိုလည်း ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် တစ်နေ့ထက် တစ်နေ့ လှနိုင်ကြပါစေနော် ။

သတင်းအရင်းအမြစ် - Hello Health Group 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။