ကမ္ဘာကြီးပေါ်မှာတော့ ဖွဲ့ဖြိုးပြီးနိုင်ငံများရှိသလို အချို့နိုင်ငံများမှာလည်း အလွန်ပင်ဆင်းရဲလှပါတယ်။ ဒါ့ကြောင့် ဖွဲ့ဖြိုးဆဲနိုင်ငံများကလူများကတော့ ဘဝအတွက် ရပ်ခြားမြေခြားထွက်၍ အလုပ်လုပ်ကိုင်လေ့ရှိပါတယ်။ ဒါ့အပြင် အချို့နိုင်ငံများမှ ဒုက္ခသည်များအနေဖြင့်လည်း နိုင်ငံခြားနိုင်ငံများကို ခိုးဝင်လေ့ရှိပါတယ်။ ကုလသမဂ္ဂ၏စစ်တမ်းများအရ ရွှေ့ပြောင်းအခြေချနေထိုင်သူပေါင်း ၂၅၈သန်း ကမ္ဘာပေါ်တွင်ရှိနေကြောင်း သိရှိရပါတယ်။

အဆိုပါ နေရပ်နိုင်ငံများကို စွန့်ခွာပြီး နိုင်ငံရပ်ခြားတွင် လက်ရှိနေထိုင်နေရသည့် လူဦးရေသည် ၂၅၈ သန်း ခန့်မှန်းခြေရှိကြောင်း ဒီဇင်ဘာ ၁၈ ရက်က ထွက်လာသည့် နိုင်ငံတကာ ရွှေ့ပြောင်းအခြေသူများဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်၌ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ယင်းပမာဏသည် ၂၀၀၀ ပြည့်နှစ် ကတည်းက ၄၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူ ဦးရေသည် ၂၀၀၀ ပြည့်နှစ်က ကမ္ဘာ့လူဦးရေ၏ ၂ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့ မြင့်တက်လာသည် ဟု နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများနေ့တွင် ထုတ်ပြန်လေ့ရှိသော နှစ်နှစ် တစ်ကြိမ် အစီရင်ခံစာထဲတွင် ဖော်ပြခဲ့ပါတယ်။ သို့သော် ၀င်ငွေမြင့်နိုင်ငံများတွင် နေထိုင်သည့် ရွှေ့ပြောင်းအခြေချသူ ဦးရေသည် ၂၀၀၀ ပြည့်နှစ်က ၉ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်ဟု သိရပါတယ်။  

“ရွှေ့ပြောင်းအခြေချမှုနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေကို တိုက်ဖျက်ဖို့ ယုံကြည်လက်ခံ နိုင်လောက်တဲ့ အချက်အလက်၊ သက်သေတွေက အရေးပါပါတယ်” ဟု ကုလသမဂ္ဂမှ စီးပွားရေးနှင့် လူမှုရေးရာဌာန၏ အထွေထွေ အကြီးအကဲဖြစ်သူ လျူရှန်မင်းက ဆိုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းက ၀င်ငွေမြင့်နိုင်ငံများသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများ၏ ၆၄ ရာခိုင်နှုန်းသို့ မဟုတ် ၁၆၅ သန်းနီးပါးကို လက်ခံပေးထားရသည်ဟု ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးရာဌာနမှ ထုတ်ပြန်သော ထိုအစီရင်ခံစာ၌ ဖော်ပြခဲ့ပါတယ်။ ယခုနှစ်အတွင်း ရွှေ့ပြောင်း အခြေချသူ စုစုပေါင်း၏ သုံးပုံနှစ်ပုံသည် နိုင်ငံ ၂၀ ထဲတွင်သာ နေထိုင်နေကြခြင်းဖြစ်ပါတယ်။ ယင်းတို့အနက် အမေရိကန်တွင် နေထိုင်သည့် ရွှေ့ပြောင်းအခြေချသူ ဦးရေမှာ အများစုဖြစ်ပြီး ၄၉ ဒသမ ၈ သန်း သို့မဟုတ် နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူ ဦးရေ၏ ၁၉ ရာခိုင်နှုန်း အထိရှိကြောင်း သိရသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထအများဆုံး ဒုက္ခသည် လက်ခံထားရသည့် နိုင်ငံများမှာ ဆော်ဒီ၊ ဂျာမနီ၊ ရုရှား အသီးသီးဖြစ်ပြီး ဗြိတိန်က ပဥ္စမနေရာတွင် ရှိနေသည်ဟု သိရှိရပါတယ်။

Source – Reuters, Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။