ဗီယက်ဂျက်လေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ မထင်မှတ်ပဲ လေယာဉ်ပေါ် ကြုံတွေ့ရတဲ့ အခိုက်အတန့်မှာ အံ့သြမှင်တက်သွားခဲ့ကြပါတယ်။

ဘာလို့လဲဆိုတော့ လေယာဉ်ပျံသန်းချိန်မှာ လေယာဉ်မယ်လေးတွေက Sexy ကျကျ ဝတ်စားဆင်ယင်မှုတွေနဲ့ ဝန်ဆောင်မှု ပေးခဲ့ကြလို့ပါပဲ။

ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကနေ ဗီယက်နမ်နိုင်ငံ၊ ဒါးလက်တ် လေဆိပ်ဆီ ပြေးဆွဲတဲ့ လေယာဉ်တစင်းပေါ်မှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ဖော်ပြပါတယ်။

လေယာဉ်ပေါ်ပါ ခရီးသည်တွေဟာ အစပိုင်းက သတိမထားမိခဲ့ကြဘဲ လေယာဉ်မယ်လေးတွေ ထွက်လာချိန်မှာတော့ အံ့အားတသင့်နဲ့ လည်ပြန်ငေးကြည့်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ပန်းပွင့်ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆင်ယင်ထားတဲ့ ဘီကီနီရောင်စုံဝတ် လေယာဉ်မယ် မိန်းကလေးတွေဟာ လေယာဉ်ပေါ်ပါ ခရီးသည်တွေကို အံ့သြဖွယ် လက်ဆောင်တခု ပေးလိုက်တာပါပဲ။

ခရီးသည်တွေဟာ မိုဘိုင်းဖုန်းနဲ့ မှတ်တမ်းတင်ရုပ်သံ ရိုက်သူကရိုက်၊ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်သူက ငေးကြည့်နဲ့ ရှိနေခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို The Clip အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ချိန်မှာတော့ စိတ်ဝင်စားမှုတွေလည်း မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ပုံမှန်အားဖြင့်တော့ လေယာဉ်မယ်လေးတွေရဲ့ ဝတ်စုံဟာ ဦးထုပ်နဲ့ အနီရောင် ရိုးရာဝတ်စုံသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းလိုင်းဟာ ထိုင်းနဲ့ ဗီယက်နမ် ၂ နိုင်ငံကြား သီတင်း ၁ ပတ်ကို ၄ ကြိမ် ပျံသန်းပြေးဆွဲနေရာကနေ ၆ ကြိမ်ထိ တိုးမြှင့်ပျံသန်းချိန်မှာ အရောင်းမြှင့်တင်တဲ့အနေနဲ့ ခုလို ဝန်ဆောင်မှုပေးခဲ့ကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။ 

source - DvB TV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။