ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ မြန်မာနိုင်ငံအတွင်းရှိဒေသများတွင် လွန်စွာ အေးကဲခဲ့ပါတယ်။ မြန်မာပြည်အနှံ့ရှိ ဒေသအသီးသီးရှိ ပြည်သူများအနေဖြင့် ပုံမှန်ထက်အေးကဲတာကို ခံစားခဲ့ရပါတယ်။ ယခုအခါတွင်မှု ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် နောက်ငါးရက်ခန့် အအေးပြန်ပေါ့နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားခဲ့ပါတယ်။

“လေဖိအားနည်းရပ်ဝန်းက သိပ်ပြီးတော့ အားမကောင်းဘူး။ သူက အနောက်-အနောက်မြောက်ဘက်ထဲကို သွားမှာဖြစ်တယ်။ ဒီလေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီကမ်းရိုးတန်းမှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်။ ကုန်းပေါ်မှာတော့ မဖြစ်နိုင်ဘူး။ မိုးကတော့ တောင်တရုတ်ပင်လယ်ပြင်က မုန်တိုင်း အကြွင်းအကျန်ကြောင့်တော့ မိုးရနိုင်တယ်။ ဒီရက်ပိုင်းကတော့ အအေးပြန်ပေါ့မယ်။ နောက် လေး၊ ငါးရက်လောက်အထိ အအေးပေါ့မယ်။ အဓိက ကတော့ တောင်တရုတ်ပင်လယ်က မုန်တိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဖြစ်တယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားခဲ့ပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာ ၂၄ ရက် မိုးလေဝသ အခြေအနေ ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကြောင်း၊ ညအပူချိန်များ အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့ တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိကြောင်း၊ ထူးခြားသည့် ညအပူချိန်များအနေဖြင့် ဟားခါးမြို့တွင် တစ် ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့နှင့် ဟဲဟိုးမြို့တို့တွင် လေး ဒီဂရီစင်တီဂရိတ်စီ၊ သီပေါမြို့၊ ပင်လောင်းမြို့၊ လွိုင်လင်မြို့နှင့် တီးတိန်မြို့တွင် ခြောက် ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြောင်း သိရှိရပါတယ်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။