စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့မှာရှိတဲ့ ဒေါ်ခင်ကြည် ရိပ်သာလို့ခေါ်ကြတဲ့ အဆောက်အအုံတွေကို လာမည့်နှစ်တွင် အကြီးစားပြန်လည် ပြင်ဆင် ထိန်းသိမ်းသွား မယ်လို့ နန်းယွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနက သတင်းထုတ်ပြန်ချက် အရသိရပါတယ်။ အဆိုပါ ဒေါ်ခင်ကြည်ရိပ်သာဟာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဇနီးဒေါ်ခင်ကြည် အိန္ဒိယသံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံတော်အဆင့်နဲ့ဧည့်သည်တော်တွေ မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်ကို လာရောက်လည်ပတ် တည်းခိုနိုင်ဖို့ ဒေါ်ခင်ကြည်က ဆောက်လုပ်လှူဒါန်းခဲ့တာ ပဲဖြစ်ပါတယ်။ 

ဒေါ်ခင်ကြည်ရိပ်သာမှာ စုစုပေါင်း အဆောက်အဦး ၆ လုံးရှိပြီး ပင်မအဆောက်အဦးကြီးကတော့ လက်ရှိမှာ အသုံးပြု လို့မရလောက်အောင်ပျက်စီးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ "ဘတ်ဂျက်တင် တာက တော့ ၆ လုံးစလုံးအတွက် တင်တာပါ။ ဘတ်ဂျက်ရပြီ။ ပြင်ဖို့အတွက် တင်ဒါတွေ ဘာတွေ ခေါ်တာတော့ မလုပ်ရသေးဘူး" လို့ နန်းယွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါ အဆောက်အဦးတွေ ပြင်ဆင်ဖို့ကိစ္စနဲ့ပတ်သတ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သွားရောက်စစ်ဆေးကြည့်ရှူခဲ့တယ်လို့ သိရပါတယ်။

အခုပြင်ဆင်မယ့်ကိစ္စကို တိုင်းဒေသကြီးအစိုးရရံပုံငွေနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ပြင်ဆင်ဖို့လျာထားတဲ့ အဆောက်အဦး ၆ လုံးမှာ ပင်မအဆောက်အဦးကလွဲလို့ကျန်အဆောက်အဦး ၅ လုံးကိုတော့ အနီးနားမှာရှိတဲ့ ရဲတပ်ဖွဲ့၊ အခြေစိုက်တပ်ရင်း တို့က အသုံးပြုနေထိုင်နေကြပါတယ်။အိန္ဒိယနိုင်ငံ နန်ပေါင်မြို့ ဘက်မှာလည်း ဒေါ်ခင်ကြည်ကရိပ်သာ တစ်ခုတည်ဆောက်လှူဒါန်းခဲ့ဖူးပြီး အဲ့ဒီရိပ်သာကိုတော့ အခုအချိန်ထိ အိန္ဒိယအစိုးရကပြုပြင်ထိန်းသိမ်း အသုံးပြုနေနိုင်သေးတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။