IS ကတော့ အစ္စလာမ်မစ်စ် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ IS ကတော့ အရှေ့အလယ်ပိုင်းဒေသများကို သိမ်းပိုက်ရန်ကြိုးစားခဲ့ပါတယ်။ သို့သော် အစိုးရ တပ်အသီးသီး၏ တိုက်ခိုက်မှုများကြောင့် လက်ရှိအချိန်မှာ ISကအလွန်ကို အားနည်းတဲ့ အခြေအနေတစ်ခုထိရောက်သွားပြီ ဖြစ်ပါတယ်။ အခုအခါမှာ အီရတ်နိုင်ငံ မိုဆိုးလ်မြို့မှာ၊ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS လက်နက်ကိုင်တွေကို တိုက်ထုတ်နိုင်ခဲ့ အပြီး၊ ပထမဆုံး အကြိမ် အနေနဲ့ ခရစ္စမတ်စ် ပွဲတော် ပြန်လည် ကျင်းပ နိုင်ခဲ့ကြပါတယ်။

မိုးဆိုးလ်မြို့က စိန့်ပေါလ် ကက်သီဒရယ် ဘုရားကျောင်းကြီးထဲ ခရစ္စမတ်စ် အကြိုည ဝတ်ပြု ဆုတောင်းပွဲကို အစဉ်အလာအတိုင်း ကျင်းပခဲ့ကြတာပါ။ ကာလ်ဒီယန် Chaldean ကက်သလစ် အသိုင်းအဝိုင်းရဲ့ ဦးစီးဦးဆောင် ဖြစ်တဲ့ လူဝီ ဆာကိုက စုဝေး ရောက်ရှိနေကြတဲ့ ခရစ်ယာန် ဘာသာဝင်တွေကို မိုဆိုးလ် အပါအဝင် ကမ္ဘာမြေ တခွင်လုံး အေးငြိမ်း သာယာမှု ရှိစေကြောင်း ဆုတောင်းကြပါ ဆိုပြီး တိုက်တွန်း ခဲ့ပါတယ်။ စိန့်ပေါလ် ချာ့ချ်ကြီးထဲ ဝတ်ပြုဆုတောင်းပွဲ ကျင်းပ နေကြစဉ်၊ အပြင်မှာ သံချပ်ကာ ကားတွေ ချထားပြီး လုံခြုံရေး ယူပေးထားတာ တွေ့ရပါတယ်။ ၂ဝ၁၄၊ မိုဆိုးလ်ကို IS တွေ မသိမ်းပိုက်ခင်တုန်းက အဲဒီမှာ ခရစ်ယာန် ၃ သောင်းခွဲ ဝန်းကျင် ရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ 

"ဘုရားသခင်ရဲ့ တန်ခိုးတော်လို့ ဆိုရမှာပါပဲ။ ခရစ္စမတ်စ်ပွဲတော် ဆင်နွှဲနိုင်ဖို့ ချာ့ချ် ဘုရားကျောင်းကြီးမှာ လိုအပ်တာတွေ ပြင်ဆင်ပေးကြသူတွေထဲ မွတ်ဆလင်မ် တွေလည်း ခရစ်ယာန်တွေနဲ့ အတူ ညီတူညီညာ ဝိုင်းဝန်း ကူညီ ပေးခဲ့ကြပါတယ်။ ဝတ်ပြု ဆုတောင်းပွဲမှာ အီရတ် စစ်တပ်က ဗိုလ်ချုပ်၊ ရဲတပ်ဖွဲ့ အကြီးအကဲနဲ့ မိုဆိုးလ် အခြေစိုက် တက္ကသိုလ် နှစ်ခု စလုံးက ပါမောက္ခချုပ်တွေ ရှိနေခဲ့ကြတယ်" လို့ ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာလည်း လူဝီ ဆာက ပြောခဲ့ပါတယ်။ အခုလို ခရစ္စမတ်စ်ပွဲတော် ဆင်နွှဲနိုင်တာဟာ မိုဆိုးလ်မှာ ခရစ်ယာန်တို့ရဲ့ ဘဝ ပြန်လည် ပျိုးထောင်နိုင်ဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်းပဲလို့ မွေးရပ်ကို ပြန်လာခဲ့သူ Farqad Malko ကပြောကြားခဲ့ပါတယ်။

Source – BBC  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။