ကိုယ်ဝန်ရှိမရှိ သိချင်နေပြီး စောင့်နေရတာကလည်း စိတ်ဖိစီးမှု တစ်မျိုးပဲ ဖြစ်ပါတယ်။ အိမ်တွင်းသုံး ကိုယ်ဝန်စစ်ဆေးမှု အနေနဲ့ ဆီးစစ်တံ (HCG) ကို အသုံးပြုနိုင်ပါတယ်။ ဒီလို ဆီးစစ်တံ လို့ အများက ခေါ်ကြတဲ့ Human Chorionic Gonadotropin (HCG) က ဟော်မုန်းအား ဆီးတွင်ပါမပါ စစ်ဆေးခြင်းဖြစ်ပါတယ်။ ဒီဟော်မုန်းကတော့ ကိုယ်ဝန်ရှိမှ ပေါ်လာခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိလျှင် အချင်းမှ ထိုဟော်မုန်းကိုထုတ်ပေးပြီး အလျင်အမြန် များလာနိုင်ပါတယ်။ 

ဒီစစ်ဆေးမှုကို သားဥကြွေပြီး ၁၀ ရက်နေ့မှစပြီး စစ်ဆေးနိုင်ပါတယ်။ သားဥကြွေချိန်ဆိုတာကတော့ ရာသီလာပြီး ၁၄ ရက် မြောက်နေ့မှာ သားဥ ကြွေပါတယ်။ အမျိုးသမီး တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာတတ်ပြီး တချို့လည်း အဲဒီထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥကြွေရက်ပဲ ဖြစ်ပါတယ်။ ဒ့ါကြောင့် သားဥကြွေပြီးနောက် ၁၀ ရက်မှစ၍ ဆီးထဲတွင် HCG ဟော်မုန်းပါမပါ စစ်ဆေးနိုင်သည်။

HCG စစ်ဆေးမှု၏ ညွှန်ကြားချက်ကို အတိအကျ သေချာလိုက်နာမှု ရှိမရှိနှင့် ခန္ဓာကိုယ်မှ HCG ဟော်မုန်း ထုတ်တဲ့ ပမာဏပေါ် မူတည်ပြီး တစ်ခါတစ်လေမှာ အဖြေက လွဲချော်နိုင်ပါတယ်။ ထို့ပြင် သားဥမကြွေခင် ရက်အနည်းငယ်စောပြီး စစ်မိလျှင်လည်း အဖြေက Negative ထွက်နိုင်ပါတယ်။ တိကျသေချာချင်ရင်တော့ ညွှန်ကြားချက်တွေကို လိုက်နာဖို့နဲ့ နောက်ထပ် ရက်အနည်းငယ်ခြားပြီး ထပ်မံ စစ်နိုင်ပါတယ်။ 

မနက်ပိုင်း ပထမဆုံး ဆီးကို စစ်ခြင်း (သို့မဟုတ်) လက်မောင်းမှ သွေးပြန်ကြောကို စစ်ခြင်း ၂ မျိုးရှိပါတယ်။ HCG level က မနက်ပိုင်းတွင် မြင့်တက်တာကြောင့် မနက်ပိုင်းစစ်လျှင် ပိုသင့်တော်ပါတယ်။ သွေးစစ်ဆေးမှုရလဒ်က ဆီးစစ်တာထက် ပိုတိကျတာကြောင့် သွေးစစ်ခြင်းကိုတော့ သားဥကြွေပြီး ၆ရက်မှ ၈ ရက်အတွင်း စတင်ပြီး စစ်ဆေးနိုင်ပါတယ်။ သို့သော် ထိုစစ်ဆေးမှုများက အမြဲတမ်း တိကျမှန်ကန်တာမျိုး မဟုတ်တာကြောင့် အတည်ပြုရန် ဆရာဝန်နှင့် ပြသသင့်ပါတယ်။

ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်

သတင်းအရင်းအမြစ် - Hello Doctor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။