မြောက်ကိုရီးယား ကတော့ အမြဲလိုလို အခြားနိုင်ငံတွေကိုရန်စလေ့ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားနှင့်အမေရိကန်ကို မကြာခဏ ရန်စလေ့ရှိပါတယ်။ ယခုအခါမှာတော့ မြောက်ကိုရီးယားကို ကုလသမဂ္ဂက စီးပွားရေးပိတ်ဆို့လိုက်ပါတယ်။ ကုလသမဂ္ဂက လတ်တလော စီးပွားရေးပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်တာဟာ စစ်ကြေညာတာဖြစ်ပြီး အချုပ်အချာအာဏာကို ထိပါးတာလို့ မြောက်ကိုရီးယားက ဝေဖန်လိုက်ပါတယ်။

အခုလို အလုပ်ခံရတာဟာ အမေရိကန်က မြောက်ကိုရီးယားရဲ့ နျူးကလီးယားအစီအစဉ်တွေကို ကြောက်လန့်နေကြောင်း ပြနေပြီး အမေရိကန်ဘက်က မခံချိ မခံသာ ဖြစ်လာအောင်လုပ်ဖို့က ဒါတွေကို ရှေ့တိုးလုပ်ဖို့ နည်းလမ်းပဲ ရှိတယ်လို့လည်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အမေရိကန်က တင်သွင်းတဲ့ မြောက်ကိုရီးယားကို လောင်စာဆီတင်ပို့မှု ၉၀ ရာခိုင်နှုန်း ဖြတ်တောက်ဖို့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံက ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာဖြစ်ပြီး ဒါဟာ စီးပွားရေး လမ်းကြောင်းတွေ လုံးဝ ပိတ်သွားအောင် လုပ်လိုက်တာပဲလို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားကို လောင်စာဆီ တင်သွင်းမှု တနှစ်ကို စည်ပေါင်း ငါးသိန်းအထိပဲ ခွင့်ပြုမှာ ဖြစ်ပြီး ရေနံစိမ်းကိုလည်း တနှစ်ကို စည်ပေါင်း လေးသန်းအထိသာ တင်သွင်းခွင့် ကန့်သတ်မှာ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားရနေတဲ့ နိုင်ငံခြားငွေကို ကန့်သတ်ဖို့အတွက် ပြည်ပရောက်နေကြတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေ ၂ နှစ် အတွင်း နေရပ်ကို ပြန်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပြီး မြောက်ကိုရီးယားဘက်က စက်ကိရိယာနဲ့ လျှပ်စစ်ပစ္စည်း တင်ပို့မှုကိုလည်း ပိတ်ပင်မှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက နိုဝင်ဘာလ ၂၈ ရက်နေ့က စမ်းသပ် ပစ်ခတ်ခဲ့တဲ့ တိုက်ချင်းပစ် ဒုံးကျည်ကြောင့် ကုလသမဂ္ဂက အခုလို ပိတ်ပင်မှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ စီးပွားရေး ဒဏ်ခတ်မှု အသစ်တွေဟာ သူတို့ရဲ့ နျူးကလီးယား အစီအစဉ်ကို ပိုပြီး ရှေ့တိုးအောင်ပဲ တွန်းအားပေးသလို ဖြစ်လိမ့်မယ်လို့ ပြောဆိုထားပြီးသား ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေ အပြီးမှာ မြောက်ကိုရီးယားရဲ့ တုန့်ပြန် ပြုမူပုံတွေက သူတို့ပြောသလို တကယ်ဖြစ်နေတယ် ဆိုတာကို အောက်က ဥပမာတွေက သက်သေ ပြနေပါတယ်။

Source – BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။