လူသားတွေအနေဖြင့် မည်မျှပင် ဆေးပညာတိုးတက်စေနေကာမှု အချို့သော ရောဂါများကိုတော့ အမြစ်မဖြတ်နိုင်သေးပါ။ ထိုအထဲမှာမှ အေအိုင်ဒီအက်စ်၊ ကင်ဆာနှင့် အကြိတ်ရောဂါတို့ကတော့ ဆိုးရွားလှပါတယ်။ ယခုအခါတွင်လည်း ကျူးဘားမှ ကလေးငယ်တစ်ဦးအနေဖြင့် မျက်နှာပေါ်တွင် အလွန်ကြီးမားသည့်အကြိတ်ဖြစ်ပေါ်နေပါတယ်။ ကျူးဘားနိုင်ငံက အီမန်နျူရယ်ဆိုတဲ့ ကလေးငယ်ဟာ မျက်နှာပေါ်မှာ ဘတ်စကက် ဘောလုံးအရွယ် အကြိတ်ကြီးဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ 

အီမန်နျူရယ်ရဲ့ မျက်နှာပေါ်မှာ ဘတ်စကက် ဘောလုံးအရွယ် အကြိတ်ကြီးဖြစ်လာလို့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဆရာဝန်တွေက ပြောလိုက်ပြီး သူ့နိုင်ငံမှာ မကုသနိုင်တဲ့ အကြိတ်ကြီးကို အမေရိကန်နိုင်ငံမှာ ခွဲစိတ်ကုသတော့မယ်လို့ သိရပါတယ်။အကြိတ်က အရွယ်အစားကြီးလွန်းပြီး ကလေးအသက်ရှူဖို့၊ စားသောက်ဖို့ ခက်ခဲနေတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကလေးနဲ့ မိသားစုဟာ ကျူးဘားနိုင်ငံကနေ အမေရိကန်နိုင်ငံ မီယာမီကို ဆေးကုသနေထိုင်ခွင့် ဗီဇာနဲ့ ရောက်ရှိနေတယ်လို့ ဒေသခံ တန်းနယူးစ် (10 News) သတင်းဌာနက ပြောပါတယ်။ အခုအချိန်မှာ ဖလော်ရီဒါပြည်နယ်က ခွဲစိတ်ဆရာဝန်တွေက ကလေး အသက်ရှင်အောင် ခွဲစိတ်ကုသစရိတ်ပေးဖို့ လူထုကျန်းမာရေးဌာနကို တောင်းခံနေကြပါတယ်။

ကလေးရဲ့မိဘတွေက ကျူးဘားနိုင်ငံမှာ ကလေးကို ခွဲစိတ်ကုသနိုင်ဖို့ ဆရာဝန်တွေကို နှစ်နဲ့ချီ ကြိုးစားရှာဖွေခဲ့ကြပေမယ့် အခုတော့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ အီမန်နျူရယ်လိုတဲ့ အကူအညီမှန်သမျှ ဂျက်ဆင်မမ်မိုရီရယ် ဆေးရုံကြီးကနေ ရရှိတော့မယ်လို့ ဆိုပါတယ်။ ကလေးရဲ့အကြိတ်က မေးရိုးကနေ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းကစလို့ တစတစ ကြီးထွားလာပြီး သူ့ရဲ့နိုင်ငံက ဆရာဝန်တွေ ဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ အခုတော့ ကလေးရဲ့ ၁၀ ပေါင်ရှိတဲ့ အကြိတ်ကြီးကို ဂျက်ဆင်မမ်မိုရီရယ် ဆေးရုံကြီးမှာ ဖယ်ရှားပစ်တော့မှာပါ။ ဒီလိုဖယ်ရှားဖို့ ခွဲစိတ်ဆရာဝန် ၄ ဦး အဖွဲ့နဲ့ အချိန် ၈ နာရီကနေ ၁၀ နာရီအထိ ကြာမယ်လို့ သိရပါတယ်။ ကလေးက ပိုလီယိုစတိုတစ် ဖိုင်ဘရက်စ် ဒိုင်စ်ပလာစီရာဆိုတဲ့ ရောဂါကို အသက် ၂ နှစ်ကတည်းက ခံစားရတာဖြစ်ပြီး ဒီလို မူမမှန်ဖြစ်တဲ့ ရောဂါကြောင့် ကလေးရဲ့ ခြေထောက်တွေ မသန်စွမ်းဖြစ်ပြီး အရိုးတွေကို ပျော့သွားစေသလို နှာခေါင်းပေါ်က ဝက်ခြံက တဖြည်းဖြည်း ကြီးထွားလာခဲ့တာပါ။ ဂျက်ဆင် ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ အပြည်ပြည်ဆိုင်ရာ ကလေးရန်ပုံငွေ အစီအစဉ်ကနေ ကလေးရဲ့ ခွဲစိတ်ကုသမှု စရိတ်တွေကို လှူဒါန်းမှာဖြစ်ပြီး ကလေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့မှာ စခွဲစိတ်ပြီး ကလေး ပိုမိုကောင်းမွန်လာဖို့ အဲဒီနှစ်နောက်ပိုင်းမှာ နောက်ထပ် ခွဲစိတ်မှုတွေ လုပ်သွားမယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။

Source – DvB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။