အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေက ပေါ်ပေါက်လာပါတယ်။ သဘာဝ တရားက ရှောင်လွှဲလို့ မရတာကြောင့် ဒီလို အရေးအကြောင်းတွေက အသက်ကြီးပုံပေါ်စေပြီး လှပမှု၊ ဆွဲဆောင်မှုတွေကလည်း ကျဆင်းလာရပါတယ်။ ဒါ့ကြောင့် အရေးအကြောင်းတွေ ဘယ်လိုဖြစ်တာလဲ??? ဘယ်အချက်တွေကို ရှောင်ကြဉ်ရမလဲ ??? စတဲ့ အချက်တွေကို သိထားခြင်းဖြင့် ဒီအရေးအကြောင်းတွေကို သက်သာ လျော့နည်းစေပါတယ်။ အရမ်းနုတာပဲ … ဒီအသက်ဆိုတာ မထင်ရဘူးနော် … စသည်ဖြင့် ဘယ်သူမဆို ကြားခွင့် ပိုင်ဆိုင်ခွင့်ရှိအောင် အမြဲနုပျိုနိုင်စေဖို့ အောက်ပါ အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရေးအကြောင်းတွေ ဘယ်လိုဖြစ်လာသလဲ

အရေးအကြောင်းတွေ ဖြစ်ပေါ်လာပုံ အဓိက အကြောင်းရင်း နှစ်မျိုးရှိပါတယ်။

(၁) ကြွက်သားများ ကြိမ်ဖန်များစွာ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများဖြစ်ပြီး ထင်ရှားတဲ့ နေရာကတော့ ပါးစပ်တဝိုက်မှ အရေးအကြောင်းများဖြစ်ပါတယ်။

(၂) နောက်တစ်မျိုးကတော့ နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်အခြေအနေ နဲ့ အသက်အရွယ် ကြီးလာသောကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းများဖြစ်ပါတယ်။

အရေပြားအောက်လွှာဟာ collagen ကြွယ်ဝတာကြောင့် အရေပြားတောင့်တင်းမှုနှင့် ဆန့်ကျုံ့နိုင်မှုကို ဖြစ်ပေါ်စေပါတယ်။ Collagen ဆုံးရှုံးသွားခြင်းက အရေးအကြောင်းများကို ဖြစ်ပေါ်စေပါတယ်။ အရေးအကြောင်းတွေဟာ အရေပြားအပေါ်လွှာရဲ့ နက်ရှိုင်းတဲ့နေရာမှ ဖြစ်ပေါ်လာပြီး အပေါ်ယံကြောကို ဆဲလ်အသေများနှင့် ဖုံးထားပါတယ်။ 

အသက်ကြီးလာတာနဲ့အမျှ အရေပြားဆဲလ်များ ပွားရန် အချိန်ကြာလာတာကြောင့် အရေပြားပြန်လည်ပြုပြင်ဖို့ အချိန်ကြာကြာ ယူရပါတယ်။ ဒီလိုအချိန်မှာ အရေပြားအောက်လွှာပါးလာပြီး စိုထိုင်းမှုလျော့နည်းသွားတဲ့အခါမှာ အရေပြားအပေါ်လွှာမှာ အရေးအကြောင်းများ ပေါ်လာပါတယ်။

အရေးအကြောင်းဖြစ်ပေါ်မှုကို သက်ရောက်သောအချက်များစွာ ရှိတဲ့အနက် အနည်းငယ်ကို ဖောြ်ပပေးလိုက်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကို သတိထား ရှောင်ကြဉ်မယ် ဆိုရင်တော့ အရေးအကြောင်းဖြစ်ပေါ်မှုကို သက်သာလျော့နည်းစေနိုင်ပါတယ်။

• ရေဓါတ်ခန်းခြောက်ခြင်း

• ညစ်ညမ်းမှုများ၊ အဆိပ်များနှင့် ထိတွေ့ခြင်း

• ဆေးလိပ်သောက်ခြင်း

• အာဟာရ ချို့တဲ့ခြင်း

• မျက်နှာအမူအရာ ထပ်ကာထပ်ကာပြုလုပ်ခြင်း

• ဘေးစောင်းအိပ်ခြင်း

• အသက်အရွယ် ကြီးလာခြင်း

အသက်ကြီးလာခြင်းမှလွဲ၍ ကျန်တဲ့အချက်များကို ဆင်ခြင်နိုင်တာကြောင့် နုပျိုလှပဖို့ကလည်း ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ ဒီအချက်လေးတွေကို သိရှိပြီး သူငယ်ချင်းတွေလည်း နုပျိုလှပနိုင်ဖို့ မျှဝေပေးလိုက်ပါဦးနော်။ 

သတင်းအရင်းအမြစ် - Hello Doctor 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။