အရက်ကိုစွဲစွဲလမ်းလမ်းသောက်တတ်သူတွေ သိထားသင့်တဲ့ အရက်အကြာင်း

ကျွန်မ ကို ချစ်တယ် ခင်ကြတယ်ဆိုရင်လေ - အရက် အကြောင်း ကို ဖတ်ကြနော် - ်

အရက်ဆိုတဲ့ Ethyl Alcohol (အီသိုင်းလ် အယ်လ်ကိုဟော)ဟာ ပျမ်းမျှအားဖြင့် ဘီယာ အပျော့မှာ ၃ ရာခိုင်နှုန်း၊ ဘီယာ အပြင်းမှာ ၆ ရာခိုင်နှုန်း၊ ဝိုင်အပျော့မှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊

ရှယ်ရီနှင့် ဝိုင်မှာ၁၆ ဒသမ ၂ဝ ရာခိုင်နှုန်း၊ ဝီစကီနှင့် ဂျင်မှာ ၄ဝ ရာခိုင်နှုန်း၊ ဘရမ်ဒီမှာ ၄၅ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ရမ်မှာ ၅ဝ ရာခိုင်နှုန်းမှ ၆၉ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ဗော့ဒ်ကာမှာ ၆ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း အထိ အသီးသီး ပါဝင် နေပါတယ်။ Ethyl Alcohol ဟာ ဓာတုပစ္စည်း တစ်မျိုး ဖြစ်တာကြောင့်လည်း ရေမွှေး၊ ပေါင်ဒါမှုန့်၊ မိတ်ကပ် စတဲ့ အလှကုန် ပစ္စည်းတွေမှာ သာမက ဆေးဝါး၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့် စသည်ဖြင့် လူသုံး ကုန်ပစ္စည်း တွေမှာပါ ထည့်သွင်း ဖော်စပ်လေ့ ရှိပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများမှာ အရက်သောက်သုံး မှုနဲ့ ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က မကြာသေးခင်က သုတေသန ပြုလုပ်ခဲ့ရာမှာ

(က) တစ်ကမ္ဘာလုံး၏ အရက် သောက်သုံးမှုနှုန်းမှာ ၂၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း၊

(ခ) နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း နှစ်ထောင်ကျော်ဟာ အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးနေကြပြီး သန်း ၈ဝ နီးပါးမှာ အရက်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားနေရကြောင်း၊

(ဂ) ကမ္ဘာပေါ်တွင် နှစ်စဉ် အရက်ကြောင့် သေဆုံးသူဦးရေ ၃ ဒသမ ၃ သန်းခန့် ရှိရာ ယင်းအရေ အတွက်ဟာ AIDS ၊ တီဘီနှင့် အကြမ်းဖက် ခံရမှုများကြောင့် သေဆုံးသူဦးရေထက် ပို၍ များနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန် ထားပါတယ်။

ယနေ့ မြန်မာနိုင်ငံမှာ အရက် သောက်သုံးမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်လာပြီး ၎င်းအထဲမှာ အမျိုးသမီးများပါ သောက်သုံး လာကြပါတယ်။ အကြောင်းရင်းမှာ

(က) လူငယ်များ အကြား အရက်နှင့် ယမကာ အမျိုးမျိုး သောက်သုံးလာစေရန် နည်းမျိုးစုံဖြင့် စျေးကွက် အတွင်း ထိုးဖောက် ဆွဲဆောင်ခြင်း၊

(ခ) လူတန်းစားမရွေး သောက်သုံးနိုင်သည့် နိုင်ငံခြား ဘီယာ အရက်များ အပြင် စျေးပေါပေါဖြင့် ဝယ်ယူ သောက်သုံးနိုင်သည့် အရက်များစွာကို လက်တစ်ကမ်းမှာ ဝယ်ရနိုင်ခြင်း၊

(ဂ) စျေးပေါပေါ အရက်များ ဖြစ်တာကြောင့်လည်း အရက် သောက်သုံးသူများ၏ ရဝ ရာခိုင်နှုန်းမှာ အရည်အသွေး မမီတဲ့ အရက်များကို သောက်သုံးနေရခြင်း၊

(ဃ) အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ အမျိုးသမီးများကို အရက် ဝယ်ခိုင်းခြင်း၊ ရောင်းချ ခိုင်းခြင်း စသည့် လမ်းလွဲမှုများကြောင့် မြန်မာနိုင်ငံမှာ အရက် သောက်သုံးသူ ဦးရေ တစ်စထက်တစ်စ များပြား နေပါတယ်။

အရက်က လူကို အားတက်စေတယ်။ အရက်သောက်ရင် စိတ်ဓာတ် တက်ကြွတယ်ဟူ၍ အရက်နှစ်သက်သူ များက အကြောင်း အမျိုးမျိုးဖြင့် သောက်သုံး နေကြသော်လည်း တကယ်တမ်း မှာတော့ အရက်က လူကို နှေးကွေး လေးလံထိုင်းမှိုင်း စေရုံသာမက အားအင် ယုတ်လျော့ လာစေ နိုင်ပါတယ်။ အရက် အလွန်အကျွံ သောက်သူများမှာ ကိုယ်ခံအား စနစ်ကို အားနည်း စေပြီး ကူးစက်ပိုး ဝင်နိုင်ခြေ များသလို ရောဂါဖြစ်လွယ် စေပါတယ်။ ဒါ့အပြင် မျက်နှာ အသားအရေ ပွစိစိဖြစ်ကာ နီးမြန်းနေပြီး ခန္ဓာကိုယ်က အမြဲလိုလို ပူနွေး နေပါတယ်။ အရက်က ဦးနှောက်ကို ထိစေတာကြောင့်လည်း သွေးထဲကို အယ်လ်ကိုဟော ပမာဏ ၂ မီလီဂရမ် ရောက်သွားတာနဲ့ စကားနည်းသူ စကားများ လာပါတယ်။ သွေးထဲကို ၂ဝ မီလီဂရမ်မှ ၃ဝ မီလီဂရမ် ရောက်သွားတာနဲ့ လမ်းလျှောက်လျှင် ယိုင်လာပါတယ်။ သွေးထဲကို ၁၅ဝ မီလီဂရမ် ရောက်သွားတဲ့ အခါ မူးပြီး ရစ်လာပါပြီ။ အရက်သောက်ပြီးနောက် ရစ်တတ်သူဟာ မိမိကိုယ်ကိုရော၊ သူတစ်ပါးကိုပါ အသက် အန္တရာယ် ဖြစ်စေတတ်ပါတယ်။

အကယ်၍ သွေးထဲကို ၄ဝဝ မီလီဂရမ် ရောက်သွားပြီ ဆိုရင်တော့ သတိမေ့ပြီး သေစေ နိုင်ပါတယ်။ စီးကရက် လိုပဲ အယ်လ်ကိုဟောက လူကို စွဲလမ်းမှု ဖြစ်စေပါတယ်။ အရက်ကို လွန်ကျွံ စွဲလမ်းစွာ သောက်သုံးတဲ့ အခါ

(၁) အသည်းကြီး၊ အသည်းရောင်၊ အသည်းခြောက်၊ အသားနှင့် မျက်လုံးဝါခြင်း၊ အသည်းကင်ဆာ စတဲ့ အသည်းရောဂါများ၊

(၂) သွေးအန်ခြင်း၊

(၃) အစာခြေတဲ့ လမ်းကြောင်း သွေးယိုစိမ့်ခြင်းနှင့် အစာအိမ်ရောဂါ၊

(၄) ခံတွင်းကင်ဆာ၊ အစာရေမျိုပြွန် ကင်ဆာ၊

(၅) ရင်သား ကင်ဆာ၊

(၆) နှလုံးရောဂါ၊

(၇) သွေးတိုးရောဂါ၊

(၈) လေငန်း၊

(၉) ဝက်ရူးပြန်ကဲ့သို့ အတက်ကြီးခြင်း၊

(၁ဝ) အသည်းရောဂါကြောင့် ကျောက်ကပ် ပျက်စီးခြင်း၊

(၁၁) အစာ စားချင်စိတ် မရှိတော့ဘဲ ကိုယ်အလေးချိန် လျော့ကျလာခြင်း၊

(၁၂) ပျို့၊ အန်၊ မောပန်း၊ အားနည်း၊ ကြွက်တက်ခြင်း၊

(၁၃) အယ်လ်ကိုဟောမှာ ကယ်လိုရီ ပါဝင်တာကြောင့် အရက်စွဲသူတွေမှာ အဝလွန်ရောဂါ၊

(၁၄) အမျိုးသားများမှာ ပန်းသေပန်းညှိုး ရောဂါ၊

(၁၅) ဦးနှောက်နှင့် အာရုံကြောများ ထိခိုက် သွားတာကြောင့် စိတ်ဓာတ်ကျ စိတ်ဖောက်ပြန်သွားပြီး အရက်သမား၊ အမှားတစ်ထောင် ဆိုသကဲ့သို့ မိမိကိုယ်ကို သတ်သေခြင်း အပါအဝင် တခြားသော ရာဇဝတ်မှုများ ကျူးလွန်သည် အထိ ဖြစ်လာ နိုင်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အရက် သောက်သုံးပါက အယ်လ်ကိုဟောနှင့် သန္ဓေသား ထိတွေ့မှုကြောင့် ဦးနှောက်၊ နှလုံးနှင့် တခြားအင်္ဂါ အစိတ်အပိုင်း တွေမှာ မွေးရာပါ ချို့ယွင်းချက် ပါတာမျိုး ဖြစ်တတ်ပါတယ်။

အရက်နဲ့ ဓာတ်မတည့်သူ များမှာ အယ်လ်ကိုဟော အနည်းငယ်မျှ သောက်သုံးမိတာနဲ့ တစ်ပြိုင်နက် မျက်စိနီ၊ သွေးခုန်နှုန်းမြန်၊ ဖြူဖပ်ဖြူရော် ဖြစ်ကာ ချွေးသီးချွေးပေါက်တွေ ကျလာပြီး သွေးအန် စေတတ်ပါတယ်။ အရက် အလွန်အကျွံ သောက်မိ၍ သေခါနီး လက္ခဏာများမှာ

(၁) ခန္ဓာကိုယ် အေးစက်လာခြင်း၊

(၂) နှုတ်ခမ်းဖျား၊ နားရွက်ဖျား၊ ခြေသည်း၊ လက်သည်းများ ပြာနှမ်းလာခြင်း၊

(၃) သလိပ်ထွက်ခြင်း၊

(၄) မျက်စိသူငယ်အိမ် ကျယ်လာခြင်း၊

(၅) သွေးခုန်နှုန်း လျော့ကျလာခြင်း၊

(၆) အသက်ရှူနှေးပြီး အသက်ငင်လာခြင်းတို့ ဖြစ်ပါတယ်။

''ဓားကိုဖျက် ဝါးမျက်၊ လူကိုဖျက် အရက်''ဆိုတဲ့ အတိုင်း အရက်သောက်သူများ အနေဖြင့် ဘဝရဲ့ ရည်မှန်းချက် ပန်းတိုင်ဆီ အရောက်သွားဖို့ အရက်က တားဆီး ပစ်ပါတယ်။ အရက်စွဲတဲ့သူတွေ အနေနဲ့ လုပ်ငန်းခွင်(သို့) အိမ်မှာ ရန်လိုတတ်ပြီး စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှု တို့မှာ ထိခိုက် လာစေ နိုင်ပါတယ်။ ဒါ့အပြင် အရက် သောက်ပြီးနောက် ခံတွင်း၊ ချွေးတို့မှာ အရက်နံ့ စွဲကျန်ရစ်စေတာ ကြောင့်လည်း လူမှုရေး နယ်ပယ်မှာ အကျိုး ယုတ်စေပါတယ်။

အရက်သောက်နည်း သုံးမျိုးရှိရာ-

(၁) တစ်ခါတစ်လေမှ ပေါင်းသင်း ဆက်ဆံရေး အတွက် မလွှဲမရှောင်သာ၍ သောက်ခြင်းကို ''လူက အရက်ကို သောက်တယ်''လို့ ခေါ်ဆို နိုင်ပါတယ်။

(၂) ညနေစောင်းရင် လေပြိုတာ၊ လေချဉ်တက်တာမျိုးကို ''အရက်က လူကို သောက်တယ်''လို့ ခေါ်ဆို နိုင်ပါတယ်။

(၃) မိုးလင်း ကတည်းက အရက်နဲ့ မျက်နှာသစ်ကာ တစ်နေကုန် အချိန်ရှိသ၍ သောက်ခြင်းကို ''အရက်က အရက်ကို သောက်တယ်''လို့ ခေါ်ဆို နိုင်ပါတယ်။

ရခဲလှတဲ့ လူ့ဘဝမှာ မိမိ၏ ဘဝကို အညွန့်တုံး စေပြီး လူမှုတာဝန် မကျေပွန်သကဲ့သို့ မိသားစု အကျိုး၊ ဝန်းကျင်လောကသားများ၏ ပရဟိတ အကျိုးများကို မျက်ကွယ် ပြုကာ သေမင်း၏ လက်ကမ်း ကြိုဆိုမှုကို စောင့်ဆိုင်း နေကြသူများ မဖြစ်သင့်ပါဘူး။ မည်သူမျှ မွေးကတည်းက အရက် မသောက်တတ်ကြ ပါဘူး။ လောကီ၊ လောကုတ္တရာ နှစ်ဖြာအတွက် အပြစ်များစေသည့် အရက်ကို မသောက်တတ်သေးသူများ ကလည်း အစလုပ်ပြီး မသောက်ကြပါရန်နှင့် အရက် သောက်တတ်သူများ အနေဖြင့်လည်း အရက်ကို ကြိုးစား ဖြတ်ကြဖို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်ရှင် -

ကျွန်မ ကို ချစ်တဲ့ ခင်တဲ့ သူငယ်ချင်းမိတ်ဆွေများ အရက်ကို မသောက်ဖူးသေးရင် လက်တဲ့ မစမ်းကြပါနှင့် အရက် သောက်တက်ပြီဆိုရင်လည်း အချိန်မှီဖြတ်လိုက်ပါ အကောင်းဆုံးကတော အရက်ဆိုင်ဆိုရင် လှည့်မကြည့်ကြပါနှင့်လို ့ နော် -

ဒေါက်တာ ခင်မိုးဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။