အရွယ်သုံးပါးကြိုက်တဲ့ အဆိုတော်လို့တောင် ဆိုလို့ရတာကတော့ စိုင်းစိုင်းခမ်းလှိုင်ပါ ။ ဒီလောက်ကိုလည်း သူ့ရဲ့ အောင်မြင်မှုအရှိန်ကမသေးလှပါဘူး ။

ဆယ်စုနှစ်ကျော်အောင် အောင်မြင်မှုကိုထိန်းသိမ်းထားဆဲ အနုပညာရှင်တစ်ဦးဖြစ်ပါတယ် ။ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ စိုင်းစိုင်းခမ်းလှိုင်က ခုချိန်မှာ

စင်မြင့်အတွေ့အကြုံတွေ အတော်ကိုများခဲ့ပါပြီ ။ သို့ပေမယ့်လည်း လွန်ခဲ့တဲ့ ၁၃ နှစ်က အောင်မြင်စအဆိုတော်လေးတစ်ယောက်ရဲ့ စင်မြင့်ပေါ်ကအဖြစ်အပျက်လေးတစ်ခုကိုမမေ့မလျော့ရှိနေဆဲဆိုတာ ပရိတ်သတ်တွေကိုပြောပြထားခဲ့ပါတယ် ...  

" 2004 ခုနှစ် ဒီဇင်ဘာလ

SAI SAI SHOW in MCC

အဲဒီတုန်းက မင်းဓမ္မလမ်းပေါ်က MCC ခန်းမ ဖွင့်ကာစ။ ကျနော့်ဘဝရဲ့ အမှတ်တရမှတ်တိုင်တစ်ခုပါပဲ။ နေ့လည်ခင်းတစ်နာရီမှာစဆိုမယ့်ပွဲက ၁၂နာရီလောက်ကတည်းက ခန်းမတစ်ခုလုံး ပြည့်သွားခဲ့ပြီးပါပြီ။

သေပြီဆရာတို့ ကောင်မလေးကြိုက်တယ်ခိုက်တယ်ဆိုပြီးတို့ ထွက်ခါစလောက်ကပေါ့။ အံမယ် ပွဲကို ကမ္ဘာအေးလမ်းတလျှောက်မှာ လမ်းကန့်လန့်ဖြတ် Cross Banner တွေ ဘာတွေနဲ့ ကြော်ငြာတာနော်။ ကိုမောင်မောင်အေးတို့ရဲ့ Dream Boat အဖွဲ့ စတင်ဖွဲ့စည်းကာစ အချိန်တွေဖြစ်မှာပေါ့။ Stage ကြီးကို ဦးနေမျိုး(ဆေး) တို့ ကိုကျော်စိုး(ကိုမင်းခိုက်)တို့ကပါ အားတက်သရော ဝိုင်းဝန်း စဉ်းစားတည်ဆောက်ပေးခဲ့ကြတာပါ။

MCC ကနေ့လည်ခင်းဆို အလင်းပေါက်တော့ ပိတ်စအမည်းရောင်တွေ အများကြီးဝယ်ပြီး ကာခဲ့ရတာမှတ်မိတယ်။ အံမယ် ကျနော်က လုပ်ချင်တာအကုန်လုပ်တာပဲ ။ စင်ကို နှစ်ဆင့်ဆောက် ၊ အပေါ်ထပ်မှာ အခန်းလေးတွေကန့်ပြီး ကချေသည်လေးတွေထားမယ် ။ ပြီးတော့ ကျနော် စင်ပေါ်မှာ လျှောက်ပြေးဖို့ ပြေးလမ်းနဲ့ ဘာနဲ့ ။ မမို့က စန္ဒရားတီးမယ်ဆိုတော့ စန္ဒရားကိုစင်ပေါ်တွန်းထုတ်လာဖို့ အသံဖမ်းဖို့ တိုင်တွေပတ်၊အခုလိုမျိုးမှ မပြည့်စုံသေးတာလေ နော့။

ပွဲအဖွင့်ကို စင်ရှေ့မှာ ပိတ်စအဖြူအကြီးကြီးနဲ့ ပိတ်ကာထားတာက စပါတယ်။ ပြီးတော့ Spot Light အကြီးတစ်လုံးနဲ့ စင်နောက်ကနေ ပြောင်းပြန် ပြန်ထိုးထားတယ်။ ကျနော်ရယ် ကောင်းမြတ်ရယ် ငယ်ငယ်ရယ် ကျနော်တို့ ရဲသုံးဖော်က အဲဒီ မီးလုံးရှေ့မှာရပ်နေ။

အရှေ့က ပိတ်ကားအဖြူမှာ ကျနော်တို့ အရိပ်ကြီးတွေထင်နေ။ ဟမ်း .. ဒီဂျေက အဖွင့်တီးလုံးစဖွင့်။ ပရိသတ်တွေ အသေအော် ။ ကျနော်လည်းရင်တွေ တဒိုင်းဒိုင်းခုန်။ ပြီးတော့မှ ရုပ်ရှင်ထဲက မင်းသားတွေ လူဆိုးစခန်းကို ဗုံးခွဲပြီးရင် လျှောက်တဲ့ Slow Motion မျိုးနဲ့ တစ်လှမ်းချင်း ရှေ့ကိုလျှောက်။ မီးထိုးထားတဲ့ အရိပ်က တဖြည်းဖြည်းသေးလာ ။ 

ပိတ်ကားရှေ့ရောက်တော့ အလိုက်သင့် အရာပေးထားတဲ့ နေရာကနေ ဖြဲပြီးတော့ ကျနော်တို့စင်ရှေ့ကိုခုန်ထွက် ။ ပရိသတ်ကြီးလည်း ဝုန်းဒိုင်းကြဲအောင် ထခုန် ။ ကျနော်လည်း လက်နှစ်ဖက်ကို မြှောက်ပြီးနှုတ်ဆက်ပေါ့လေဗျာ။ အဲဒီတုန်းက ကျနော့်အဖွင့်သီချင်းကို မှတ်မိကြတယ်မလား။ "ငါ ပြန်လာပြီ အရှေ့ကိုရောက်နေပြီ ။ မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက်" ဆိုတာ။ အဲ .. အဲဒီ သီချင်းနဲ့ပေါ့။

" မင်္ဂလာပါ" ကျနော်အော်ပါတယ်။ "အားလုံးလက်တွေ လေထဲကိုမြှောက်ထားလိုက် " ။ လက်တွေအားလုံး လေပေါ်ဝဲသွားတယ်။ ကျနော်လည်းမြှောက်တယ် ။ ဘေးမှာရှိတဲ့ ကောင်းမြတ်လည်း မြှောက်တယ်။ ငယ်ငယ်လည်းမြှောက်တယ် ။ ကိုယ့်ကိုကိုယ် တိုက်ပွဲကပြန်လာတဲ့ သူရဲကောင်းတစ်ယောက်လို မာန်မျိုးနဲ့ပေါ့။

ဒါပေမယ့် ကျနော့်ရှေ့တည့်တည့်က ကောင်မလေးတွေကတော့ လက်မမြှောက်ဘူးခင်ဗျ။ အဲဒီအစား ကျနော့်ကိုလက်ညှိုးထိုးပြီး စူးစူးဝါးဝါးအော်နေတာ။ ကျနော် မေးတချက်ဆတ်ပြီး လက်မြှောက်ဆိုတဲ့ အိုက်တင်လုပ်ပြလိုက်သေးတယ်။ မမြှောက်ဘူးဗျ ။ လက်ညှိုးတွေ ဝိုင်းထိုးပြီး စကားလှမ်းပြောနေကြတာ။

စင်ပေါ်မှာဗျာ။ ဂီတသံက အကျယ်ကြီးကို ဘာမှမကြားရဘူး။ ကျနော်လက်မြှောက်ရက်သားပဲ အရှေ့ကို နှစ်လှမ်းလောက်တိုးလိုက်တော့မှ သူတို့ဝိုင်းအော်နေတာ ကြားရတာ။

" စိုင်းစိုင်း ဘောင်းဘီဇစ်ပြုတ်နေတယ်" တဲ့ .. အီး ...

(အခု ဒီစာရေးနေရင်းနဲ့တောင် နားရွက်အောက် ပါးသိုင်းနားလောက်မှာ စိမ့်ကနဲ ဖြစ်သွားသေးတယ်။ အမလေး ရှက်လိုက်တာ အရပ်ကတို့ရယ်)

စင်ပေါ်ကအမှတ်တရ " တွေပါတဲ့ ...

ရယ်စရာလေးဖြစ်ပေမယ့် ခုချိန်မှာတော့ တကယ့်ကိုအမှတ်တရရှိနေမယ့် အဖြစ်လေးတစ်ခု ဖြစ်ကျန်နေခဲ့တာပါပဲ ...

ပရိတ်သတ်တို့မှာရော စိုင်းစိုင်းလို့ မေ့မရမယ့် အတိတ်အမှတ်တရတွေရှိခဲ့ဖူးလား ?

သတင်းအရင်းမြစ် Sai Sai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။