လူတိုင်းမှာ ပြသနာကိုယ်စီ ရှိတတ်ကြပါတယ်။ အနည်းနဲ့ အများဆိုတာပဲ ကွာကြပါလိမ့်မယ်။ အဲ့လို ပြသနာ/ အခက်အခဲ ဖြစ်ပေါ်လာတာနဲ့ အမျှ စိတ်ညစ်ကြမယ် … ၀မ်းနည်းကြမယ် .. ဒါက သဘာဝ တရားပါပဲ။ အဲ့လို စိတ်ညစ်တဲ့အခါ ဘာလုပ်ချင်လဲလို့ မတွေးဘဲ ဘာလုပ်သင့်လဲ ဆိုတာသာ သိထားရင် ကိုယ့်အတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် စိတ်ညစ်ရင် လုပ်သင့်တဲ့ ကိစ္စတွေလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

၁) ငိုချင်ရင် ငိုချလိုက််ပါ။

စိတ်ညစ်လို့ ငိုချင်တဲ့အခါ ကျေနပ်သည်အထိ အားရသည်အထိ ငိုချလိုက််ပါ။ ချုပ်တည်းထားရတာ ပိုစိတ်ညစ်စရာ ဖြစ်ပါလိမ့်မယ်။ အားရပါးရ ငိုလိုက်ရင် အနည်းငယ်တော့ စိတ်ညစ်တာ ပေါ့သွားပါလိမ့်မယ်။ ဒါဟာ အလွယ်ကူဆုံး ဖြေလျှော့နည်းပါပဲ။

၂) အချိန်တစ်ခု သတ်မှတ်လိုက်ပါ။

စိတ်ညစ်ဖို့အတွက် သင့်တော်တဲ့ အချိန်တစ်ခု ပေးလိုက်ပါ။ ဥပမာ - ဘယ်လောက်ကြာကြာ စိ်တ်ညစ်မလဲ? တစ်ခုတော့ သတိထားရမှာက ကြာကြာစိတ်ညစ်ခြင်းက ကိုယ့်အတွက် ဘာအကျိုးမှ မရှိဘူး ဆိုတာပါဘဲ။ အချိန်နည်းလေ အကျိုးရှိလေပဲ ။ ပြီးရင် အဖြေ သတ်မှတ်လိုက်ပါ။ နှစ်ရက်လား ? တစ်ရက်လား? နေ့တစ်ဝက်လား? စသည်ဖြင့်ပေါ့။ အဲ့ဒီအချိန်အတွင်းမှာ စိတ်ကြိုက် စိတ်ညစ်ပါ။ ကြိုက်တာ လုပ်ပါ။ လုပ်ချင်တာ လုပ်ပါ။ ပြီးသွားရင်တော့ အဲ့ဒီအကြောင်း လုံးဝ မတွေးပါနဲ့။ ဒါဆို စိတ်ညစ်တာလည်း အတူ မေ့သွားပါလိမ့်မယ်။

၃) ပုံမှန် တွေ့နေကျမဟုတ်ဘဲ မတွေ့ဖြစ်တာ ကြာတဲ့ သူငယ်ချင်းတွေဆီ ဆက်သွယ်ပါ။

ဒါကတော့ မဆိုင်ဘူး ထင်ရပေမဲ့ ထူးထူးခြားခြားပဲ စိတ်ညစ်နေမှုကို လျှော့သွားမှာဖြစ်ပါတယ်။ သူတို့နဲ့ ဖုန်းပြောဖို့ ဖြစ်ဖြစ်၊ လူချင်းတွေ့ဖို့ပဲဖြစ်ဖြစ် ဆက်သွယ်လိုက်ပါ။ သူတို့ကလည်း သူတို့အကြောင်း၊ သင့်ကို သတိရတဲ့အကြောင်း၊ အရင်တုန်းက အမှတ်တရတွေအကြောင်း၊ လက်ရှိအခြေအနေ စသည်ဖြင့် ပြောကြမှာမို့ ကိုယ်စိတ်ညစ်တဲ့ အကြောင်းကို မေ့သွားပါလိမ့်မယ်။ ပြီးသွားရင်လည်း သူတို့နဲ့ပတ်သက်ပြီး အရင်က အကြောင်းတွေပဲ တွေးမိနေပါလိမ့်မယ်။

၄) အကောင်းဆုံး ထွက်ပေါက်တစ်ခု ပြင်ဆင်ပါ။

စိတ်ညစ်နေပါတယ်ဆိုမှ ဒါတွေ တွေးရမှာလားလို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ အများစုက စိတ်ညစ်ရင် သီချင်းဆိုကြတယ်ဆိုတာမျိုးလေ။ ဒီလောက်က ပြသနာမရှိပေမဲ့ စိတ်ညစ်လို့ အရက်သောက်တာမျိုး၊ ခြေဦးတည့်ရာ သွားတာမျိုး စသည်တို့ မလုပ်ဘဲ ကိုယ့်အတွက် နစ်နာမှုမရှိတဲ့ အကောင်းဆုံး ထွက်ပေါက်တစ်ခု သတ်မှတ်ပါ။ စိတ်ညစ်လို့ လုပ်ချင်ရာ လုပ်တာမျိုးထက် စိတ်သက်သာအောင် လုပ်သင့်တာမျိုး ဖြစ်သင့်ပါတယ်။ ဥပမာ - မိမိကိုးကွယ်တဲ့ ဘာသာရေးကို လေ့လာတာဖြစ်ဖြစ်၊ စိတ်ငြိမ်အောင် တရားထိုင်တာ ဖြစ်ဖြစ်၊ ကိုယ် စံထားရတဲ့ ပုဂ္ဂိုလ်အကြောင်း လေ့လာတာဖြစ်ဖြစ်၊ စာအုပ်ဖတ်တာဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ အိပ်နေတာ ဖြစ်ဖြစ် … စသည်ဖြင့်ပေါ့  

၅) မိမိ၏ အောင်မြင်မှုတွေကို ပြန်စဉ်းစားပါ။

အရင်က ကိုယ်လုပ်ခဲဲ့တာတွေထဲက အောင်မြင်မှု ရခဲ့တာမျိုး၊ ကိုယ့်ကိုကိုယ် ကျေနပ်ခဲ့ရတာမျိုး၊ မလုပ်နိုင်ဖူး ထင်ပေမဲ့ လုပ်နိုင်ခဲ့တာမျိုး စသည်ဖြင့် ပြန်တွေးကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်လာပါလိမ့်မယ်။ ဒီစိတ်ညစ်မှုကို ကြိုးစားပြီး ဖြတ်ကျော်ကြည့်လိုက်ပါ။ အရင်လိုပဲ သင် အောင်မြင်မှုကို ရလာမှာပါ။ ဒီစိ်တ်ညစ်မှုကို မေ့ပစ်လိုက်ရင်ပေါ့။

၆) မိမိကိုယ်ကို ရင့်ကျက်လာအောင် ကြိုးစားကြည့်ပါ။

ဒါကတော့ ကိုယ့်အတွက် အရမ်းကို အကျိုးရှိပါတယ်။ လုပ်နိုင်ဖို့လည်း ခက်ခဲပါလိမ့်မယ်။ လူတိုင်း စိတ်ညစ်ဖူးတာမို့ ဒါဟာ ကိုယ်တစ်ယောက်တည်း ကြုံရတဲ့ အရာတစ်ခုလို့ သဘောမထားပါနဲ့။ လူတစ်ယောက်က အမြဲတမ်း ကံဆိုးနေတာ မဟုတ်သလို၊ အမြဲတမ်းလည်း ကံကောင်းနေမှာ မဟုတ်ပါဘူး… ဒီစိတ်ညစ်မှု ပြီးသွားရင် ဘဝမှာ နောက်ထပ် စိတ်ညစ်မှုတွေဆိုတာ ရှိဦးမှာပါ။ ဒီတစ်ခုတည်းကို ဖြေရှင်းဖို့ မကြိုးစားဘဲ စိတ်ညစ်မှုတွေကို ခံနိုင်ရည် ရှိအောင် ကြိုးစားပါ။ ဒါက ရင့်ကျက်မှု တစ်ခုပါပဲ။ အကောင်းအဆိုး ဒွန်တွဲ ဖြစ်ပေါ်နေတဲ့ လောကဓံတရားကို ခံနိုင်ရင် သင့်အတွက် အောင်မြင်မှုက လက်တစ်ကမ်းမှာပါ။

ဒီအချက်လေးတွေကို သိထားပြီး စိတ်ညစ်စရာတွေ ကင်းဝေးရင်း.. အောင်မြင်မှုတွေ ရကြပါစေ။ 

Own Creation #Tina

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။