သတ္တိကောင်းပါတယ်ဆိုတဲ့သူတောင် ကြောက်လန့်အော်ရတဲ့ သရဲအိမ်ကတော့ ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေရင်းက Fuji-Q Highland Theme Park ထဲမှာရှိတဲ့ Labyrinth of Fear လို့ခေါ်တဲ့ သရဲအိမ်ပဲဖြစ်ပါတယ်။ ၀င်ရောက်ဖူးသူတိုင်းကတော့ သွေးပြတ်မတတ်ကြောက်စရာကောင်းလွန်းတဲ့နေရာလို့ မှတ််ချက်ပေးကြပြီး တော်ရုံသတ္တိမရှိပဲနဲ့တော့ ၀င်ဖုုိ့မလွယ်တဲ့နေရာပါ။ သရဲအိမ်ဖြစ်ပေမယ့် ၄၅မိနစ်ကနေ ၁နာရီခန့် လမ်းလျှောက်ရမယ့် ၁ကီလိုမီတာ ခရီးဖြစ်ပါတယ်။

၁နာရီတောင်မပြည့်တာ အေးဆေးပါလို့ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ဒီအထဲကို၀င်ပြီးရင် ကြာချိန် ၁နာရီဟာ အဲဒီထက်အများကြီးပိုကြာတယ်လို့ ထင်ရတဲ့အထိကြောက်လန့်ဖို့ကောင်းအောင် ခြောက်မှာဖြစ်ပါတယ်။ တော်တော်များများ အဆုံးအထိ မလျှောက်ရဲပဲ လမ်းတစ်ဝက်ထွက်ပေါက်ကနေ ပြန်ပြန်ပြေးချင်စိတ်ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်တစ်လေကလွဲရင် ပြန်မထွက်ကြပဲ ကြောက်ကြောက်နဲ့ ပြီးအောင်သွားလေ့ရှိပါတယ်။ အကြောင်းကတော့ ၀င်ကြေးပေးထားရတဲ့အပြင် ကြောက်လန့်ရတဲ့အရသာကို ခံစားချင်ကြလို့ပါတဲ့။ ဒီထဲကို၀င်ပြီး အေးအေးဆေးဆေးထွက်လာနိုင်တဲ့သူကိုတော့ အရမ်းသတ္တိကောင်းတဲ့သူလို့ ဆိုနိုင်ပါတယ်။

သရဲအိမ်ဆိုတာကတော့ နှစ်ထပ်ရှိတဲ့အိမ်တစ်လုံးဖြစ်ပြီး စွန့်ပစ်ဆေးရုံတစ်ရုံအတိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်။ ထူးခြားထိတ်လန့်ဖွယ်ရာ မြင်ကွင်းတွေ ၊ ကြောက်လန့်ဖုုိ့ကောင်းတဲ့ အသံနဲ့ လျှပ်တပြက်ပေါ်လာတတ်တဲ့ သရဲတွေ ၊ သေဆုံးနေတဲ့သူတွေ ၊ ဆရာဝန် သူနာပြု သရဲတွေ စတဲ့ခြောက်ခြားစရာ အပြင်အဆင်နဲ့ ဖန်တီးထားတဲ့ ဒီသရဲအိမ်ထဲမှာ မီတာ ၉၀၀ ခန့်လမ်းလျှောက်ရမှာဖြစ်ပါတယ်။ တခါတရံ ကိုယ့်ရှေ့ကို အလောင်းတွေ သရဲတွေ ဘုန်းခနဲဆို ပြုတ်ကျတတ်တာလည်း ကြုံလေ့ရှိပါတယ်။ မီးအလင်းအမှောင် နဲ့ အသံစနစ်ကလည်း တကယ့်အပြင်နဲ့ ထပ်တူ ခြောက်ခြားဖို့ကောင်းအောင် ဖန်တီးထားပါတယ်။ အရမ်းကြောက်ဖို့ကောင်းလို့ ရှေ့ဆက်မသွားရဲတော့ သူများရှိနေရင်လည်း စိုးရိမ်ဖို့မလိုပါဘူး။ နှုတ်ထွက်လက်လျှော့တယ်(Retire) လို့ အမှတ်အသားပြုထားတဲ့ အပေါက်ကနေ အပြင်ကိုပြန််ထွက်လို့ရပါတယ်။

Source: Thutazone (facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။