ဇန်နဝါရီ (၄)ရက်နေ့ မနေ့က မနက်ပိုင်းတွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတော (အလယ်) ရပ်ကွက်၊ ပုသိမ်လမ်းရှိ တိုက်ခန်း ၇ လွှာပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ရဲစခန်းမှ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။ဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူ အမျိုးသမီး ငယ်ဟာ တိုက်ခန်း ၇လွှာပေါ်မှ ပြုတ်ကျခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ထူးဆန်း စွာကြားသိရ ပါတယ်။ တိုက်ခန်း ၇ လွှာပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျကြောင်း ၁၉၉ သတင်းအရ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်လွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ယင်းတိုက်ခန်းပေါ်မှ ပြုတ်ကျသူမှာ တိုက်ခန်းရှေ့ မျက်နှာစာပေါ်တွင် လှန်းထားသော အဝတ်များကို လက်လှမ်းယူစဉ် ခြေချော် ပြုတ်ကျ ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ခြေချော် ပြုတ်ကျမှု ကြောင့် ဝဲ/ညာခြေသလုံး ပွန်းပဲ့၊ ခါးနာကျင် ဒဏ်ရာများရရှိကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရတယ်လို့ စမ်းချောင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “တိုက် ခန်း ၇ လွှာကနေ ပြုတ်ကျတာပါ၊ တော်တော်ကံကောင်းတယ်လို့ ပြောရမယ်။ ခါးနာဒဏ်ရာ နည်းနည်း ပဲရ တယ်။ ဓာတ်မှန်လည်းရိုက်ကြည့်ပြီးပြီ၊ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ တိုက်ခန်း ၇ လွှာကနေ ပြုတ်ကျထားလို့ ဆေးရုံမှာ ၂၄ နာရီ စောင့်ကြည့်ကုသနေသေးတယ်။ ပြုတ်ကျတဲ့သူက ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူ တစ်ဦးလို့ သိရပါတယ်” ဟု၎င်း ကပြောပါတယ်။တိုက်ခန်း ၇ လွှာမှ ပြုတ်ကျခဲ့သူ တက္ကသိုလ် ကျောင်းသူဟာ ယင်းတိုက်ခန်းတွင် မိသားစုနှင့်အတူ နေထိုင် တာဖြစ်တယ်လို့သိရပါတယ်။ 

(၇)လွာမှပြုတ်ကျစဉ် ဆန်းရှိုတ်အမိုးပေါ်ကတစ်ဆင့် အောက်ထပ်ရှိ ဆန်းရှိုတ်အမိုးများပေါ်သို့ အဆင့်ဆင့်ပြုတ်ကျကာ ယင်းမှတစ်ဆင့် ဓာတ်ကြိုးပေါ်ပြုတ်ကျရာက ယင်းဓာတ်ကြိုးမှာ ညွတ်ကျပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပြုတ်ကျခဲ့တာပဲဖြစ်ပါတယ်။ပြုတ်ကျခဲ့တဲ့ ဓာတ်အားလိုင်းကြိုးများမှာ လည်းယခင်တပ်ဆင်ထားတဲ့ ဓာတ်ကြိုးမျိုးမဟုတ်ဘဲ ယခု အသစ်တပ်ဆင်ထားတဲ့ ဖိုက်ဘာပိုက်စွပ် ဓာတ်ကြိုးဖြစ်တဲ့အတွက် ဓာတ်လိုက်ခြင်းမရှိခဲ့တာပဲဖြစ်ပါတယ်။ အထပ်မြင့် တိုက်ခန်းများတွင် နေထိုင်သူများအနေနဲ့ အထူးသတိထား ဆင်ခြင်နေထိုင်သင့်ကြောင်း စမ်းချောင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သတင်းအရင်းအမြစ် - The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။