ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲတွေမှာ ကျွေးမွေးလေ့ရှိတဲ့ ဂျပန်ဆန်ကိတ်မုန့်ကို စားသုံးရာမှ အစာနင်မှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကာ လူတစ်ချို့မှာ ဆေးရုံတင်ထားရပြီး အချို့မှာာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။ ဂျပန်ရိုးရာအတိုင်းပြုလုပ်ထားတဲ့ ဆန်ကိတ်မုန့်ဟာ ပုံပန်းအရ စားချင်စဖွယ်ဖြစ်သော်လည်း ထိုမုန့်ကို စားသုံးကာ အစာနင်မှုဖြစ်ပွားပြီး လူတိုင်းနှစ်စဉ်သေဆုံးခဲ့ရသောကြောင့် ဂျပန်အစိုးရက နှစ်သစ်ကူးရောက်တိုင်း ဂျပန်ဆန်ကိတ်မုန့်နဲ့ ပက်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ 

ဂျပန်ရိုးရာ ဆန်ကိတ်မုန့်ကို မိုချီ(Mochi) လို့ခေါ်ပြီး ဝါးစားပြီးမျိုချရန် ခက်ခဲတယ်လို့လည်း သိရပါတယ်။ ဆန်ကိတ်မုန့်ပြုလုပ်ပုံမှာ ပထမဆုံးဆန်ကို ပျော့ပြီးနူးညံ့သွားစေရန် ရေနွေးငွေ့ဖြင့်ပေါင်းခံချက်ပြုတ်ရပါတယ်။ ထို့နောက် ရေနွေးထည့်ထားတဲ့ ငရုတ်ဆုံကဲ့သို့ ထုထောင်းစရာဆုံတစ်ခုအတွင်း ထည့်မွှေပြီးနောက် စေးကပ်သွားတဲ့ အနှစ်ဖြစ်သွားတဲ့အထိ ထုထောင်းရပါတယ်။ ယခုခေတ်မှာတော့ မိုချီလုပ်စက်များဖြင့်လည်း ပြုလုပ်လာကြကြောင်း သိရပါတယ်။ ကောင်းစွာထုထောင်းပြီးနောက် ပျော့အိစေးကပ်နေတဲ့ ဆန်အနှစ်တွေကို အဝိုင်းပုံသဏ္ဍန်ပြုလုပ်ကာ အတွင်းဘက်မှာ အရသာအတွက် အဆာဖြည့်ပြီး ပြန်ပိတ်ထားပါတယ်။ 

ဂျပန်ရိုးရာအရ နှစ်သစ်ကူးပွဲ ဆင်နွှဲကြရာမှာ အသီးအရွက်စွတ်ပြုတ် ပြုလုပ်ပြီး မိုချီကို စွတ်ပြုအတွင်းထည့် အပူပေးကာ စားလေ့ရှိကြတယ်လို့ ဆိုပါတယ်။ မိုချီမုန့်ဟာ စေးကပ်ကပ်ဖြစ်ပြီး ဝါးစားနိုင်ပါတယ်။ မုန့်အရွယ်အစားဟာ တစ်ကိုက်စာထက် ပိုကြီးနေပြီး မျိုမချမီမှာ ကောင်းစွာဝါးစားရတယ်လို့ ဆိုပါတယ်။ဂျပန်သတင်းတွေရဲ့ အဆိုအရ နှစ်သစ်ကူးကာလမှာ မိုချီစားရာက လည်ချောင်းမှာဆို့နင်ပြီး ဆေးရုံတင်ပို့ရသူတွေအနက် ၉၀ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ် သို့မဟုတ် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နှစ်သစ်ကူးပွဲမှာ မိုချီစားပါက အစိတ်အပိုင်းများအဖြစ် လှီးဖြတ်ပြီးမှစားကြရန် ဂျပန်အစိုးရက သတိပေးချက် နှစ်စဉ် ထုတ်ပြန်လေ့ရှိပါတယ်။ အစိုးရက သတိပေးမှုတွေ ရှိပေမဲ့လည်း မိုချီစားရာမှ ဆို့နင်သေဆုံးမှုတွေ နှစ်စဉ် ရှိနေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။ 

Source : Duwun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။