ဒီဖြစ်ရပ်ကတော့ အိန္ဒိယနိုင်ငံ Alwarနယ်က မဟာရာဇာ Jai Singh နဲ့ ကမ္ဘာကျော် Rolls-Royces ကုမ္ပဏီကြား နာမည်ကျော်ခဲ့တဲ့ဖြစ်ရပ်ပါ။

မဟာရာဇာရဲ့ နာမည်အပြည့်အစုံက Sir Jai Singh Prabhakar ဖြစ်ပြီး သူဟာ အိန္ဒိယAlwar နယ်ပိုင် မဟာရာဇာတစ်ဦးအဖြစ် ၁၈၉၂ခုနှစ်ကနေ ၁၉၃၇ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။

သူဟာ ပညာအလွန်တော်ပြီး အနောက်နိုင်ငံတွေကို မကြာခဏခရီးသွားလေ့ရှိသူဖြစ်သလို အသုံးအဖြုန်းကြီးသူအဖြစ်လည်းနာမည်ကြီးပါတယ်။

အဲဒီအချိန်က အိန္ဒိယဟာ အင်္ဂလိပ်လက်အောက်မှာရှိနေခဲ့ပေမယ့် မဟာရာဇာတွေကတော့ မိမိနယ်မှာ အထိုက်အလျှောက်အာဏာရှိနေဆဲ ချမ်းသာနေကြဆဲဖြစ်ပါတယ်။ သူနဲ့ ကမ္ဘာကျော်ရိုးရွိုက်ကားကုမ္ပဏီနဲ့ပတ်သတ်မှုက ဒီလိုပါ။ 

၁၉၂၀ ၀န်းကျင်မှာ မဟာရာဇာ Jai Singh ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကိုရောက်ရှိနေခဲ့ပါတယ်။

တစ်နေ့မှာ သူဟာ လမ်းလျှောက်ရင်း ရိုးရွိုက်ကား အရောင်းပြခန်းထဲကို ၀င်ကြည့်မိခဲ့ပါတယ်။ သူဝတ်ထားတာက ပုံမှန်အင်္ဂလိပ်လူမျိုးအဝတ်အစားပဲဖြစ်ပါတယ်။

သူဟာ ကားတွေနားမှာရပ်နေတဲ့ ၀န်ထမ်းတစ်ယောက်ကို ကားရဲ့အချက်အလက်တွေ နဲ့ စျေးနှုန်းတွေကိုမေးမြန်းခဲ့ပါတယ်။

ဒါပေမယ့် သူဟာ အင်္ဂလိပ်အဝတ်အစားဝတ်ထားတဲ့ အိန္ဒိယတစ်ယောက်ဆိုတာကို သိသွားပြီးတဲ့နောက် ၀န်ထမ်းဟာ သူမေးတာကိုမဖြေတဲ့အပြင် သူ့ကို ပြခန်းအပြင်ဘက်ကိုတွန်းထိုးထုတ်ခဲ့ပါတယ်။

အဲဒီအချိန်က အင်္ဂလိပ်တွေဟာ သူတို့လက်အောက်ခံနိုင်ငံတွေက လူမျိုးတွေကို အဆင့်အတန်းခွဲခြားလေ့ရှိပြီး နှိမ်ဆက်ဆံကြပါတယ်။ အဲဒီမှာတင် မဟာရာဇာ ဟာ တော်တော်နာကျည်းသွားပါတယ်။ 

အဲဒီနောက်တော့ သူဟိုတယ်ကိုပြန်ခဲ့တယ်။ ပြီးတော့ အိန္ဒိယပြည်နယ်တစ်ခုရဲ့ မဟာရာဇာတစ်ဦးအနေနဲ့ ရိုးရွိုက်ကားအရောင်းပြခန်းကို လာမယ်လို့ တရားဝင်စာပို့လိုက်ပြီး အဲဒီကားအရောင်းပြခန်းကို ထပ်သွားခဲ့ပါတယ်။

မဟာရာဇာတစ်ဦးရဲ့ဝတ်စုံပြည့်နဲ့ လက်ဝတ်ရတာနာတွေဝတ်ကာ နောက်လိုက်နောက်ပါတွေခေါ်ပြီးသွားခဲ့တာပါ။ ဒီတစ်ခါမှာတော့ ပထမတစ်ခေါက်နဲ့ မတူတော့ပါဘူး။

အရောင်းပြခန်းရဲ့ တာဝန်အကြီးဆုံးသူတွေက သူ့ကိုကောဇာနီခင်းပြီးကြိုဆိုပါတယ်။ အိန္ဒိယရဲ့မဟာရာဇာတွေဟာ အလွန်ချမ်းသာတယ်ဆိုတာ သိထားကြလို့ပါ။

၀န်ထမ်းတွေအားလုံးကတော့ ကောဇောနီရဲ့တစ်ဖက်တစ်ချက်မှာ ဦးခေါင်းတွေငုံ့ပြီးရပ်နေကြပါတယ်။ အဲဒီထဲမှာ ပထမတစ်ခေါက်မဟာရာဇာကို မတူမတန်သလို ဆက်ဆံတဲ့ဝန်ထမ်းလည်း ပါပါတယ်။

မဟာရာဇာကတော့ အဲဒီအဖြစ်ကိုလုံးဝမပြောပဲ ကားတွေကိုသာ လှည့်ပတ်ကြည့်ရှု့ရင်းမေးမြန်းခဲ့ပါတယ်။ အဲဒီအချိန်က ရိုးရွိုက်ကားအမျိုးအစားက ၆ မျိုးရှိပါတယ်။

မဟာရာဇာဟာ ၆စီးစလုံးကို ၀ယ်ယူလိုက်ပါတယ်။ ကား ၆စီးစလုံးရဲ့တန်ဖိုးသာမက အိန္ဒိယအထိအရောက်ပို့ဆောင်ခ ကိုပါ ငွေချက်ချင်းချေခဲ့ပါတယ်။

အိန္ဒိယကို ပြန်ရောက်တဲ့အခါမှာတော့ မဟာရာဇာဟာ မြို့အုပ်ချုပ်ရေးအဖွဲ့ကို ခေါ်ယူတွေ့ဆုံပါတယ်။

အဲဒီနောက်တော့ သူ ၀ယ်ယူလာတဲ့ ရိုးရွိုက်ကား ၆စီးကို ပေးလိုက်ပြီး မြို့အမှိုက်သယ်ကားအဖြစ် အသုံးပြုစေပါတယ်။ မဟာရာဇာရဲ့ အမိန့်ကြောင့် ကမ္ဘာကျော်တန်ဖိုးကြီး ရိုးရွိုက်ဇိမ်ခံကားတွေဟာ အမှိုက်သယ်ကား အမှိုက်သိမ်းကားတွေဖြစ်ကုန်ပါတယ်။

ရိုးရွိုက်ကားတွေ အမှိုက်ကားဖြစ်သွားပြီဆိုတဲ့ဒီအကြောင်း နဲ့ ရိုးရွိုက်ကုမ္ပဏီဟာ ကားဝယ်သူကို နှိမ့်ချဆက်ဆံတယ်ဆိုတဲ့အကြောင်း ဟာ တဖြည်းဖြည်းနဲ့ အခြားနိုင်ငံတွေကိုပါ ပြန့်နှံ့ခဲ့ပြီးနောက်မှာ ရိုးရွိုက်ကုမ္ပဏီဟာ အရှက်ရခဲ့ပါတယ်။

အကြောင်းအရင်းကို ရှာဖွေတဲ့အခါမှာတော့ သူတို့ဝန်ထမ်းဟာ မဟာရာဇာကို စော်ကားခဲ့တာကြောင့် ဆိုတာသိသွားခဲ့ပါတယ်။

ဆက်ပြီး ကုမ္ပဏီနာမည်ပျက်မှာကို စိုးရိမ်ကြတဲ့ တာဝန်ရှိသူတွေဟာ ဆက်ပြီး ရိုးရွိုက်ကားတွေကို အမှိုက်ကားမလုပ်ဖို့ မဟာရာဇာကို တောင်းပန်ခဲ့ပြီး လက်ဆောင်အနေနဲ့ နောက်ထပ်ကား ၆စီးကို ပေးခဲ့ပါတယ်။

မဟာရာဇာကလည်း ကုမ္ပဏီတာဝန်ရှိသူတွေ သင်ခန်းစာရသွားပြီလို့ယူဆတာကြောင့် ကမ်းလှမ်းမှုကိုလက်ခံလိုက်ပြီး ရိုးရွိုက်ကားတွေကို အမှိုက်ကားအဖြစ်မှရပ်တန့်စေခဲ့ပါတယ်။

ဒါပေမယ့် ရိုးရွိုက်ကားတွေဟာ အမှိုက်ကားဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကတော့ ယခုထက်တိုင် ပြောနေကြဆဲ ဖြစ်ပါတယ်။ 

Source - သုတဇုန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။