ယောက်ျားလေးတွေနဲ့ မတူညီဘဲ မိန်းမလေးတွေ မကြာခဏ ပြုလုပ်လေ့ ရှိတတ်တဲ့ အချက် တစ်ချို့ကြောင့် အလှအပနှင့် ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်မှု ရှိနေပါတယ်။ မိန်းကလေး အများစုက သတိမထားမိဘဲ လုပ်မိလိုက်တဲ့ ကိစ္စလေးတွေကြောင့် မလိုလားအပ်ဘဲ ကျန်းမာရေးကို ထိခိုက်သွား စေနိုင်ပါတယ်။ ဒါ့ကြောင့် သတိထားမိ ဆင်ခြင်နိုင်စေဖို့ အရေးကြီးတဲ့ အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက ခါး နှင့် ဗိုက် အနေအထားကို ပြောင်းလဲစေပြီး ဝလာစေနိုင်ပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝတယ် ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ဝတယ်လို့ အပြောခံရမှာကို ကြောက်ရွံ့တတ်ကြပြီး အမြဲနီးပါး ဝိတ်ချနေတတ် ကြပါတယ်။ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် မျက်နှာအသားအရေနဲ့ မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ မျက်နှာသစ်ပြီးရင်လည်း အစိုဓာတ် ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်ကို လိမ်းအိပ်သင့်ပါတယ်။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ် သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ရေဓာတ်အသုံးပြုမှု ပိုနည်းပါတယ်။

လုံးဝ မသောက်သုံးလို့ မဖြစ်တဲ့ အခြေအနေမျိုးမှာတော့ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ခြင်း ဖြစ်ဖြစ် အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ရ၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံသာမက ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ပျောက်နိုင်ဘဲ တမ်းတပူဆွေး နေတတ်ပါတယ်။ စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးတော့ ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ 

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ ပခုံးကို ဝန်ပိစေပြီး အချိန်ကြာမြင့်လာတဲ့အခါ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။

(၉) အိပ်ရေးဝဝ မအိပ်စက်ခြင်း

ယောက်ျားလေးတွေက အိပ်ရေးပျက် များတယ်လို့ ထင်ရပေမယ့် မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရပါတယ်။ အိပ်ရေးပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ကလည်း မြင့်မားစေပါတယ်။

(၁၀) မိသားစုကို ဂရုစိုက်နေရခြင်း

ယောက်ျားလေးတွေထက် မိန်းကလေးတွေက မိသားစုကို အချိန်ပေးခြင်း၊ ဂရုစိုက်ခြင်း၊ ပြုစု စောင့်ရှောက်ခြင်း ပိုများပါတယ်။ မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရပါတယ်။ ဒ့ါကြောင့် တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ် ကိုယ် ဂရုစိုက်ဖို့ လစ်ဟင်းနေတတ်ကြပါတယ်။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီး ဆိုရင်တော့ ဆင်ခြင်ကြဖို့ ၊ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ အကြံပေးချင်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Source: Myanmar News Update 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။