“၀မ်းတစ်လုံး ကောင်းလို့ ခေါင်းမခဲနိုင်ဘူး” လို့ ကြားဖူးကြပေမယ့်လည်း ၀မ်းလိုမျိုးပဲ ဆီးကိုလည်း ဂရုစိုက်သင့်ပါတယ်။ လူတစ်ယောက်က နေ့စဉ် လိုအပ်တဲ့ ရေပမာဏကို လုံလောက်စွာ မရရှိတဲ့အခါ ဆီးနှင့် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးအရောင်ပေါ် မူတည်ပြီး ဖြစ်နိုင်ခြေ ရှိတဲ့ ရောဂါများကိုလည်း (အဆိုပါ https://www.myanmarload.com/news/17329 link တွင် ) ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။  

ရေသောက်ထားတဲ့ပမာဏအပေါ်မူတည်ပြီး ပုံမှန်ဆီးအရောင်ပြောင်းလဲနိုင်ပါတယ်။ ရေသောက်တာ များရင် ဆီးထဲမှာပါဝင်တဲ့ အရောင်ခြယ်ပစ္စည်း ကျဲသွားပြီးတော့ ဆီးအရောင်ကြည်နေစေပါတယ်။ ရေသောက် နည်းတဲ့အခါမှာ ဆီးရောင်ပိုရင့်တတ်ပြီး ရေဓာတ်အလွန်အမင်း ခမ်းခြောက်ရင် ပယင်းရောင် အရောင်ရင့်ရင့်ဆီးသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာလည်း ဘာရောဂါမှမရှိဘဲ ဆီးရောင်ပြောင်းနိုင်ပါတယ်။

ဆေးရုံဆေးခန်းပြသင့်တဲ့ ဆီးအခြေအနေကတော့ ဆီးထဲတွင်သွေးပါခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေက ဆီးလမ်းကြောင်းပိုးဝင်ခြင်း နှင့် ကျောက်ကပ်မှာကျောက်တည်ခြင်းတွေကြောင့် ဆီးထဲမှာ သွေးပါတတ်ပြီး ဗိုက်အောင့်တာနာတာနဲ့ တွဲနေတတ်ပါတယ်။ နာကျင်ခြင်းမရှိဘဲ ဆီးထဲသွေးပါတာဆိုရင် ကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဆီးရောင်မည်းမည်း (သို့) လိမ္မော်ရောင်ဆီး ဆိုရင်လည်း ဂရုစိုက်သင့်ပါတယ်။ ထိုဆီးရောင် အခြေအနေမှာ ဝမ်းရောင်ဖျော့ဖျော့သွားခြင်း၊ အသားဝါခြင်းတွေနဲ့ တွဲပြီး ဖြစ်နေတယ် ဆိုရင်တော့ အသည်းရောဂါ တစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ပိုပြီး သေချာချင်တယ် ဆိုရင်တော့ ဆရာဝန်နှင့် ပြသ တိုင်ပင်သင့်ပါတယ်။  

ဆီးရောဂါ ခံစားရနိုင်တယ့် အခြေအနေများ

- အသက်ကြီးတဲ့သူတွေမှာ ဆီးအိမ်နှင့် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ချေများပြီး ဆီးထဲမှာသွေးပါတတ်ပါတယ်။ အသက် 50 အထက် အမျိုးသားတွေမှာ ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးထဲမှာသွေးပါတတ်ပါတယ်။

- အမျိုးသမီးတွေ တစ်ဝက်ကျော်ကျော်လောက်က ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးထဲမှာ သွေးပါခြင်းကို ကြုံတွေ့ဖူးကြပါတယ်။

- ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်းတွေကိုတော့ အမျိုးသားတွေမှာ ပိုပြီးဖြစ်လေ့ရှိကြပါတယ်။

- မိသားစုထဲမှာ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်တာတွေရှိရင် အခြားမိသားစုဝင်တွေမှာလည်း ဖြစ်နိုင်ချေများပါတယ်။

- တာဝေးပြေးသမားတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်ပေမယ့် ဘယ်သူမဆို လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ရင်လည်း ဆီးထဲမှာ သွေးပါနိုင်ပါတယ်။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီ ဆိုရင်တော့ ဆီးစစ်ပြီးနောက် ဆီးထဲတွင် သွေးဆဲလ်၊ အသားဓာတ်မြင့်မားမှုနဲ့ သတ္တုဓာတ်တွေပါ/မပါ ကြည့်နိုင်ပါတယ်။ ဘက်တီးရီးယားပိုး ရှိ/မရှိလည်း ကြည့်နိုင်ပါတယ်။ ဒါတွေ ရှိနေပြီ ဆိုရင်တော့ ကျောက်ကပ်ရောဂါတစ်ခုခုရှိတာကို ညွှန်ပြပါတယ်။

အားလုံးပဲ ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။ 

သတင်းအရင်းအမြစ် - Dr. မြမျိုးမျိုးဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။