ဇန်နဝါရီ ၇ ရက်နေ့ နေ့လည်ဘက် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် လူသန့်အင်းကျေးရွာ တွင် တောဆင်ရိုင်း တကောင်ဝင်ရောက် ဖျက်ဆီးခဲ့တာကြောင့် လူနေတဲအိမ် ၆ လုံးနဲ့ ဘုန်းတော်ကြီး ကျောင်းတစ် ကျောင်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံပြည်သူများက ပြောပါတယ်။“နေ့ခင်းဘက်ကတည်းက ဆင်ကဝင် နေတာ။ ဒါပေမယ့် သစ်တောက အဖွဲ့တွေရယ်၊ ဆင်ဖမ်းတဲ့အဖွဲ့တွေက လာစောင့်မောင်းနေတာ။ ဆင်က မသွားဘူး။ ငြိမ်နေတာ ညဘက်ကျတော့ မမောင်းရဲဘူးလေ။ စောင့်တော့ ကြည့်နေတာပေါ့။ ည ၁၁ နာရီ လောက်ကျတော့ ဝင်လာတော့တာပဲလို့ အိမ်ဖျက်ဆီးခံလိုက်ရတဲ့ ဦးသိန်းဇော် ကပြော ပါတယ်။

ဆက်လက်ပြီး “ဆင်လည်း လာရောက် ကျနော်တို့လည်း ထွက်ပြေးရတာပေါ့။ အဲမှာ သူက အိမ်တွေကို ဝင်ဖျက်ဆီးပြီး တဲထဲမှာရှိတဲ့ ဆန်၊ ဆား၊ ငါးပိ၊ ငါးခြောက်တွေကို အကုန်စားသွားတာ။ ပြီးတော့ တဲထဲမှာရှိတဲ့ ပစ္စည်းတွေကို အကုန်ဆွဲပြီး လွှင့်ပစ်ထားခဲ့တာ။ တောဆင်ရိုင်းတွေ ဝင်တာဆို ၅ နှစ်ရှိသွားပြီ။ ဒီအချိန်ဆို ရောက်လာပြီ။ ကျနော်တို့ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေ စပါးခင်းတွေကို ဝင်စား သောက်ပြီး အိမ်တွေကိုလည်း အမြဲဖျက်ဆီးထားခဲ့တာ”လို့ ၎င်းကပြောပါတယ်။

သာယာဝတီမြို့နယ် သစ်ထုက်လုပ်ရေးမှ ဆင်ဆရာဝန် ဒေါက်တာဖြိုးသူအောင်ကတော့ “ကျေးရွာက လူတွေက သစ်တောဦးစီးဌာနကို အကြောင်းကြားတယ်။ သစ်တောက ကျနော်တို့ကို ပြောတယ်။ ဒါကြောင့် ကျနော်တို့အဖွဲ့တွေ လာမောင်းပေးတာ။ အခုက လူနဲ့ပဲ မောင်းနေတော့ ဆင်က မသွားဘူး။ ဒါကြောင့် အခု ဆင်စခန်းက ဆင်တွေကို သွားခေါ်နေတယ်။ ဆင်တွေ ရောက်လာရင်တော့ ဝေးဝေးကိုမောင်းပို့ရမှာ။ အခုက မြို့နဲ့ ၂ မိုင်လောက်ပဲ ဝေးတော့တယ်။ ဒါကြောင့် စောင့်ကြည့်နေတာ။ ကားလမ်းကျော်သွားတာနဲ့ အန္တရာယ်ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

၁၉၉၆ ခုနှစ် စတင်ကာ ပဲခူးရိုးမတောအတွင်း တဘူးလှဆည် တည်ဆောက်ခဲ့ပြီး တောထဲကို လူတွေ ဝင်ရောက်လုပ်ကိုင် စားသောက် နေထိုင်တာကြောင့် တောဆင်ရိုင်းတွေ စားကျက် ပျောက်ဆုံးသွားခဲ့ပြီး အခုလို လူတွေနေတဲ့ ကျေးရွာတွေကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။အရင်က လူတွေ စိုက်ပျိုးထားတဲ့ စပါး၊ ကြံ၊ ကလောနဲ့ အခြားသီးနှံတွေကို ဝင်ရောက်စားသောက်ရာမှာ အခုနောက်ပိုင်း လူတွေ နေထိုင်တဲ့ ယာတဲတွေမှာ ဆန်၊ ဆား၊ ငါးပိ၊ ငါးခြောက်တွေကိုပါ ဝင်ရောက်စားသောက်လာတဲ့အတွက် လူနေအိမ်တွေပါ ဖျက်ဆီးခံနေရတာ ဖြစ်တယ်လို့ ဒေသခံများကပြောပါတယ်။တိုက်ကြီးမြို့နယ်မှာ နှစ်စဉ် လူနဲ့ ဆင်ပဋိပက္ခတွေ ဖြစ်ပေါ်နေပြီး ဆင်မုဆိုးတွေကြောင့် တောဆင်ရိုင်း သေဆုံးမှုတွေလည်း ရှိနေသလို တောဆင်ရိုင်း အနင်းခံရပြီး လူသေဆုံးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မေသွယ်(DVB)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။