ပြည်ပတွင်သွားရောက် လုပ်ကိုင်နေသောမြန်မာလုပ်သားများရဲ့ ပြန်လည်လွှဲပို့ငွေမှာ ၂၀၁၅-၂၀၁၆ဘဏ္ဍနှစ်တွင် ကျပ်ဘီလျံ ၃၇၀ကျော်ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ဘဏ္ဍနှစ်တွင် ကျပ်၆၂၃ ဘီလျံကျော်အထိ မြင့်တက်လာခဲ့ကြောင်း လုပ်သမားညွှန်းကြားရေးဦးစီးဌာနမှ သိရပါတယ်။ မြန်မာနိုင်ငံမှ လုပ်သားများအနေဖြင့် အများဆုံးသွားရောက်လုပ်ကိုင်နေသည်မှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန် နိုင်ငံများဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်သူများ၏ ရာနှုန်းပြည့်နီးပါးမှာ အလုပ်အကိုင်အတွက်ဖြစ်ပြီး ၈၅ ရာ ခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံသို့ ငွေ သို့မဟုတ် ပစ္စည်းများ ပြန်လည်ပေးပို့နေကြောင်း သိရတယ်။ 

အဆိုပါ ရာခိုင်နှုန်းတွင် ကျေးလက်ဒေသနေသူများမှ ပြန်လည်ပေးပို့မှု များပြားသော်လည်း ကျေးလက်မှ လူတစ်ဦးသည် ပြည်ပမှ တစ်နှစ် ကျပ် ၂ ဒသမ ၁ သန်း ပေးပို့ နေချိန်တွင် မြို့ပြနေထိုင်သူတစ်ဦးက ကျပ် ၄၃ ဒသမ ၃ သန်းအထိ ပေးပို့နိုင်သည်ဟု သိရတယ်။ထိုသို့ လွှဲပို့နေသော်လည်း ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများ၏ လွှဲပြောင်းငွေများကို တရားဝင်လမ်းကြောင်းများမှ လွှဲပြောင်းနိုင်ရေး နည်းလမ်းရှာရန် လိုအပ်နေပြီး ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများ၏ ပူးပေါင်း ဆောင်ရွက်မှုအရေးပါကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများအနေဖြင့် ဥပဒေနှင့်အညီ လုပ်ငန်းများကို လုပ်ဆောင်ရန်လိုအပ်ပြီး သတ်မှတ်ထားသည့် မူဘောင်အတွင်း လိုက်နာဆောင်ရွက်မှုမရှိသည့် အေဂျင်စီ အချို့ကြောင့် စည်းကမ်းချက်များသတ်မှတ်ရကာ အရေးယူမှုများ ရှိလာနေသည်ဟု ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။ 

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရယူထားသည့် ကုမ္ပဏီများသည် ခရီးသွားလုပ်ငန်းလုပ်ကိုင်ခွင့်ကိုလည်း ရယူထားသည်ကို တွေ့ရှိရပြီး ထိုသို့ အလည်အပတ် ဗီဇာဖြင့် အလုပ်သမားစေလွှတ်နေမှု လုပ်ငန်းစဉ်များကို ထိရောက်စွာ အရေးယူမည်ဖြစ် ကြောင်းနှင့် ထိုင်းနိုင်ငံမှ အလုပ်ခေါ်စာပါ အလုပ်နေရာမဟုတ်ဘဲ အခြားလုပ်ငန်းခွင်နေရာသို့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ပြောင်းလဲလုပ်ကိုင်နေခြင်းများနှင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များတွင် ပွဲစားများပါဝင်ပတ်သက်မှု လျော့နည်းပပျောက်ရေးများလည်း လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည် ။မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံး သွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံများမှာ အိမ်နီးချင်းထိုင်းနိုင်ငံဖြစ်ပြီး အခြား အာဆီယံနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသို့လည်း သွားရောက်လုပ်ကိုင်လျက်ရှိသည်။

Source - EN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။