စပိန်နိုင်ငံ အနောက်မြောက်ပိုင်း၊ အက်စ်တူရီးယပ်စ် ပြန်လည်ထူထောင်ရေးစင်တာမှာ အကျဉ်းကျခံ နေရသူ တစ်ဦးဟာ သေဆုံးခဲ့ပြီလို့ အတည်ပြုခဲ့တဲ့နောက်မှာတော့ အံ့ဖွယ် အသက်ပြန်ရှင်လာခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂွန်ဇာလို မွန်တိုယာ အမည်ရတဲ့ အဲဒီအမျိုးသားဟာ ခိုးမှုနဲ့ အက်စ်တူရီးယပ်စ် ပြန်လည် ထူထောင်ရေးစင်တာမှာ အကျဉ်းကျခံနေရတာပဲဖြစ်ပါတယ်။အဆိုပါ အကျဉ်းစခန်းမှ ဆရာဝန် ၃ ဦးဟာ ဂွန်ဇာလိုကို သေဆုံးခဲ့ပြီလို့ အတည်ပြု ပြောကြားခဲ့ပြီး ရင်ခွဲရုံသို့ပို့ ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ အသက်သေဆုံးရတဲ့ အကြောင်းရင်းကို ဖော်ပြနိုင်တဲ့ လက္ခဏာ တစုံတရာ မတွေ့ရှိခဲ့ရပေမယ့် ဆရာဝန် ၃ ဦးရဲ့ အတည်ပြုချက်နဲ့ ရုပ်အလောင်းကို ရင်ခွဲရုံဆီ ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။သို့သော် နာရီအနည်းငယ်အကြာမှာ သေဆုံးသူဆီက အသံတွေကြားရပြီး သူဟာ အသက်ရှင် နေသေး တယ်ဆိုတာကို သိခဲ့ကြရတာကြောင့် မှုခင်းဆရာဝန်တွေက အိုဗီဒိုမြို့ဆေးရုံဆီ ပို့ဆောင်ခဲ့တာ ပဲဖြစ်ပါတယ်။လာဗော့ဇ်ဒီအက်စ်တူရီးယပ်စ် အမည်ရှိတဲ့ ဒေသအတွင်း သတင်းဝက်ဘ်ဆိုက်တခုမှာတော့ ရင်ခွဲရုံ ကျောက်စားပွဲပေါ်မှ သူ့ရဲ့ဟောက်သံကြောင့် ကံကောင်းထောက်မစွာ အသက်ရှင်သန်လာခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

သေဆုံးသူရဲ့ ခုလိုအဖြစ်အပျက်ဟာ ဆေးပညာမှာတော့ သတိလစ်မေ့မျောပြီး ခန္ဓာကိုယ် တောင့်တင်းသွားတဲ့ အခြေအနေမျိုးဖြစ်ကာ ထိတွေ့အာရုံခံနိုင်မှုနဲ့ အသိစိတ် ဆုံးရှုံးသွားတဲ့ အခြေအနေတခု ဖြစ်တယ်လို့ ဆိုပါတယ်။ အချိန် ၄ နာရီလောက် အကြာမှာတော့ သူဟာ အသက်ပြန်ရှင်လာခဲ့ပြီဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ မွန်တိုယာကို အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိကာ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေဆဲဖြစ်ကာ ဘာတွေဆက်ဖြစ်လာနိုင်မလဲ ဆိုတာကို မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ 

သတင်းအရင်းအမြစ် - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။