ဒီလို အရသာ ရှိလှတဲ့ မုန့်လုပ်နည်းကို မိနစ် ၂၀ လောက်ပဲ အချိန်ပေးရတယ်ဆို ယုံနိုင်ပါ့မလား။ တကယ့်ကို လွယ်ကူပြီး အချိန်အနည်းငယ် အတွင်းမှာ အရသာ ရှိရှိ စားသုံးနိုင်ဖို့ အဆိုပါ မုန့်လုပ်နည်းကို ဖော်ပြရခြင်း ဖြစ်ပါတယ်။ ဒီပေါင်မုန့်ကြော်ကို စားသုံးဖို့ ဆွဲလိုက်တဲ့အခါ အထဲက Cheese အမျှင်လေးတွေ ထွက်လာမှာမို့ အရမ်းစားချင်စရာ ကောင်းပြီး သရေကျမိမှာတော့ အမှန်ပါပဲ။ ကဲ … ဒီလိုဆိုရင်တော့ မုန့်လုပ်နည်းလေးကို အတူတူ လေ့လာကြည့်ရအောင်။

ပါ၀င်သောပစ္စည်းများ

- ဘေးသား မပါသော ပေါင်မုန့် တစ်ထုပ်

- ကြက်ဥ ၂ လုံး

- ဂျုံမှုန့်

- ဆားအနည်းငယ်

- Cheese အတုံး ၁ ထုပ် (Mozzarella Cheese အထုပ်က ပိုပြီး အဆင်ပြေပါတယ်။ City Mart / Market Place) တို့မှာ ရနိုင်ပါတယ်။

- Breadcrumbs (ပေါင်မုန့်ခြောက် အကြော်မှုန့်)

- ဆီ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

- ကြက်ဥ ၂လုံးကို ဆားအနည်းငယ် ထည့်ပြီး ခလောက်ထားပါ။

- ပေါင်မုန့်ကိုပြားသွားအောင် ဒလိမ့်တုန်းနဲ့ လှိမ့်ပေးပါ။

- Cheese အတုံးကို လိုသလောက် အချောင်းလိုက်လှီးပါ။

- ပေါင်မုန့်ထဲ ထည့်ပြီး အလိပ်လေး ဖြစ်သွားအောင် လှိမ့်လိုက်ပါ။

- ပေါင်မုန့်ကို ကပ်သွားအောင် ကြက်ဥ အနှစ်နဲ့ ထည့်နှစ်ပြီး ဂျံုမှုန့် ပန်းကန်ထဲသို့ ထည့်ပြီး ဂျံုမှုန့် ကပ်လိုက်ပါ။ ထို့နောက် ကြက်ဥ အနှစ်ထဲသို့ ပြန်နှစ်ပြီး ပေါင်မုန့်ခြောက် အကြော်မှုန့် ကပ်ပါ။

- ဒယ်အိုးထဲတွင် ဆီများများထည့်ပြီး ဆီဆူလာသော အခါ ပြင်ဆင်ထားသော ပေါင်မုန့် Cheese လိပ်ကို ထည့်ကြော်ပါ။ မီးပြင်းလျှင် တူးတတ်တာကြောင့် ပုံမှန် မီးနှင့်သာ ကြော်ပါ။

- ရွှေဝါရောင် သမ်းလာလျှင် ဖယ်လိုက်ပြီး ဆီစစ်ထားပါ။

အခုဆိုရင်တော့ ပူပူနွေးနွေးနှင့် အရသာ ရှိလှတဲ့ Cheese လိပ် ပေါင်မုန့်ကြော်ကို သုံးဆောင်နိုင်ပါပြီ။ ကြိုက်နှစ်သက်ရာ sauce နှင့်အတူ တွဲဖက် စားသုံးနိုင်ပါတယ်။

အရသာ ရှိရှိ စားသုံးရင်း သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်

ကိုးကား - ဟန်ကြည်ဖြူဇော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။