မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားများ ပြန်လည်စေလွှတ်နိုင်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး လာမည့်ဖေဖော်ဝါရီတွင် စတင်စေလွှတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။ မလေးရှာနိုင်ငံသို့ သွားရောက် အလုပ်လုပ်ချင်သူများအတွက်လည်း ယခုလိုပြောပြထားပါတယ်။ 

“မူအားဖြင့် ခွင့်ပြုပြီးပြီ။ အခုလည်းပဲ ဒီကိစ္စလေး ညှိနေတယ်။ ပြီးရင် MOEAF အေဂျင်စီအဖွဲ့ချုပ်နဲ့ညှိမယ်။ ကုမ္ပဏီတွေကို သတ်မှတ်ပြီး ဟိုဘက်ကိုလည်း ညှိရမယ်။ ကိုယ့်ဘက်ကချည်း ပို့ချင်နေလို့မရဘူးပေါ့။ ဟိုဘက်ကနေ အလုပ်ခေါ်စာတွေရပြီလား။ ရပြီဆို စိစစ်ပြီးတော့မှ လုပ်ထုံးလုပ်နည်းနဲ့အညီ ပညာကျန်းမာကော်မတီကို တင်ပြီးတော့ စေလွှတ်သွားမှာ ဖြစ်ပါတယ်။ ဒီလလောက်တော့ လုပ်ရမယ်။ ရှေ့လဆိုရင် စတင်အကောင်အထည်ပေါ်လာမယ်လို့ ရည်မှန်းထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပြလာခဲ့ပါတယ်။ နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဇန်နဝါရီ ၉ ရက်ကပြုလုပ်သော မြန်မာရွှေ့ပြောင်းလုပ်သားများက မိသားစုထံ လွှဲပို့ငွေများကို ပုဂ္ဂလိကဘဏ်များနှင့် တရားဝင် ချိတ်ဆက်၍ အဆင်ပြေစွာ လွှဲပြောင်းပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားအပြီးတွင် မီဒီယာများအား ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာလုပ်သားများကို ဂျပန်နိုင်ငံသို့ စေလွှတ်ရေး MoU ရေးထိုးရန်အတွက် မူကြမ်းရရှိပြီးဖြစ်ကာ နှစ်လခန့်အတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ “MoU က မူကြမ်းရပြီးပြီ။ အချောသတ်ပြီးရင် လက်မှတ်ရေးထိုးနိုင်မှာပါ။ ဒါလည်းပဲ ရှေ့နှစ်လလောက်ဆိုရင် အဆင်ပြေပါပြီ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Source - EN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။