ရုရှားဆီးနိတ်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီ ဥက္ကဋ္ဌ ကွန်စတန်တင် ကိုဆာချက်ဗ် (Konstantin Kosachev) က ရုရှား ကို စစ်ထဲဆွဲခေါ်လိုက်လျှင် အမေရိကန်အဖို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံသည်နှင့်မခြား ဖြစ်သွားမယ်လို့ ဇန်နဝါရီ ၁၀ ရက်က အမေရိကန် အခြေစိုက် နယူးဝိခ်စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အေးကာလအပြီး အမေရိကန် - ရုရှား ဆက်ဆံရေး အဆိုးရွားဆုံးဖြစ်နေမှုအပေါ် ရှေ့အလားအလာများနဲ့ ပတ်သက်လို့ ရုရှား ပါလီမန်ရဲ့ တရားဝင်သတင်းစာတစ်စောင်မှ မေးမြန်းခဲ့မှုအပေါ် ကိုဆာချက်ဗ် က “ရုရှား နဲ့ စစ်ဖြစ်ဖို့ အမေရိကန် မှာ အစီအစဉ်မရှိဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ဖြစ်မယ်ဆို သူတို့ဘက်က ကိုယ့်ကိုယ်ကို သေကြောင်းကြံသလို ဖြစ်သွားမှာပေါ့” လို့ ဖြေခဲ့ပါတယ်။

မော်စကို က အမေရိကန်၊ နေတိုးအဖွဲ့ဝင်များနဲ့ စစ်ဖြစ်ဖို့မရှိကြောင်း ငြင်းဆိုခဲ့ပေမယ့် အနောက်အုပ်စုနဲ့ ရုရှား အကြား သံတမန်ဆက်ဆံရေးကတော့ ဆိုးရွားစွာ ကျဆင်းနေခဲ့ပါတယ်။ရုရှား သမ္မတ ပူတင် က လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတကာအရေးအခင်းများမှာ ရုရှား ဘက်က ဘာအမှားမှ မလုပ်ခဲ့ကြောင်း ဖြေကြားမှုကို အနောက်အုပ်စုက မကျေမနပ်ဖြစ်ခဲ့ကြပြီး မော်စကို ဘက်က အမှားများကို သက်သေပြနိုင်တယ်လို့ ပြန်လှန်စောဒကတက်နေကြောင်း နယူးဝိခ်စ် သတင်းဌာနက ဆိုပါတယ်။

ကိုဆာချက်ဗ် က “အနောက်အုပ်စုရဲ့ ရုရှား အပေါ် သဘောထားတော့ ပြောင်းမှာမဟုတ်ဘူး။ဖိအားပေးပြီး လူဆိုးတစ်ယောက်လို ပုံဖော်မှုကတော့ ၂၀၁၇ တုန်းလိုပဲ အားကောင်းကောင်းနဲ့ ဆက်လုပ်နေဦးမှာပါ” လို့ ဆိုပါတယ်။ကိုဆာချက်ဗ် က ယူကရိန်း၊ ဆီးရီးယား ဖြစ်စဉ်များမှာ ရုရှား ရဲ့ ပါ၀င်ပတ်သက်မှုအပေါ်တော့ မှတ်ချက်မပေးခဲ့ကြောင်း သိရပါတယ်။

source - Opinion Leaders Media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။