ထိုင်းနိုင်ငံမှာ ၂၀၁၇ နှစ်အတွင်း ကလေးစုစုပေါင်း ၄၂၂ ဦး ပျောက်ဆုံးခဲ့ပြီး မိန်းကလေးပျောက်ဆုံးမှုက ယောက်ျားလေး ပျောက်ဆုံးမှုထက် ၃ ဆများတယ်လို့ ရဲဌာနအထွေထွေဆေးရုံရဲ့ ရာဇဝတ်မှုဆိုင်ရာ ဆေးအင်စတီကျုလက်အောက်ရှိ မေရာဖောင်ဒေးရှင်းနဲ့ ရဲရာဇဝတ်မှု မှတ်တမ်းဌာနက ပြောပါတယ်။

ဖောင်ဒေးရှင်းရဲ့ လူပျောက်ဌာန အကြီးအကဲဖြစ်သူ အိကလက်က ဇန်နဝါရီ ၁၁ ရက်နေ့ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာပါ။

ကလေးအများစုက အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးပြီး တချို့ကလေးတွေက သူတို့ရဲ့ရည်းစားတွေ ဒါမှမဟုတ် လူမှုကွန်ရက်တွေပေါ်မှာ သူငယ်ချင်းဖြစ်သူတွေရဲ့ ဖိတ်ခေါ်မှုကို လက်ခံတုံ့ပြန်ကာ ထွက်ပြေးတာလို့ လူပျောက်ဌာနရဲ့အကြီးအကဲဖြစ်သူက ဆိုပါတယ်။

ပျောက်ဆုံးခဲ့တဲ့ ကလေးတွေရဲ့ အသက်အရွယ်တွေက အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြားလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ပျောက်ဆုံးခဲ့တဲ့ ကလေးတွေထဲက ၁၂ ယောက် အသတ်ခံရပြီး အဲ့ဒီထဲက သုံးမှုက ခုထိ မဖြေရှင်းနိုင်သေးဘူးလို့ အိကလက်က ပြောပါတယ်။

အဲဒီသုံးမှုက ၂၀၁၃ ခုနှစ် ဒီဇင်ဘာက ဖူးခက်မှာ အသတ်ခံရတဲ့ အသက် ၆ နှစ်အရွယ် ကလေးအမှု၊ ၂၀၁၄ ခုနှစ် ဧပြီလက ဘန်ကောက်မှာ အသက် ရ နှစ်အရွယ် ကမ္ဘောဒီးယားမိန်းကလေး အသတ်ခံရတဲ့အမှုနဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်က နက်ခွန်စီသမ်မရက်မှာ တွေ့တဲ့ အသက် ၂ နှစ်အရွယ် ကလေးရဲ့ အရိုးစု အမှုတွေလို့ ဆိုပါတယ်။

ရာဇဝတ်မှုဆိုင်ရာ ဆေးအင်စတီကျုရဲ့ အကြီးအကဲတဦးဖြစ်သူ ရဲအရာရှိ ဝက်သီအဆာဝတ်တမန်ကူးလ်က အင်စတီကျုရဲ့ ထိုင်းနိုင်ငံ ဒီအန်အေပရိုကစ်ဒ်စ်(DNA Pro-Kids) စီမံကိန်းက ၂၀၁၀ ကနေ အခုအချိန်အထိ ထိုင်းနိုင်ငံမှာရှိတဲ့ ကလေးပေါင်း ၁၂၉၂ ဦးတို့ရဲ့ ဒီအန်အေကို စုဆောင်းထားကြောင်း ပြောခဲ့ပါတယ်။

စီမံကိန်းရဲ့ ရည်မှန်းချက်က နိုင်ငံတဝှမ်း မိဘ ဘယ်သူဘယ်ဝါဆိုတာ မသိဘဲ ဂေဟာတွေမှာ စောင့်ရှောက်ခံထားရတဲ့ ကလေးတွေကို သိရှိသတ်မှတ်နိုင်ရေး ကူညီနိုင်ဖို့လို့ ရဲအရာရှိက ဆိုပါတယ်။ 

ရဲအရာရှိ နောက်တဦးဖြစ်သူ ချိုက်ဝက်ဘူရာနာက သူတို့ရဲ့ရုံးက နိုင်ငံတကာစံနှုန်းအတိုင်း လုပ်ဆောင်နေပြီး ပျောက်ဆုံးတယ်လို့ သတင်းပို့ခံထားရတဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေရဲ့ ပုံကြမ်းတွေကို ၂ နှစ်တခါ ပြုပြင်ရေးဆွဲပေးနေကြောင်းနဲ့ အသက် ၁၈ နှစ်အထက် လူငယ်တွေရဲ့ ပုံကြမ်းတွေကိုတော့ ၅ နှစ်တခါ ပြုပြင်ရေးဆွဲပေးနေကြောင်း ပြောပါတယ်။

ပျောက်ဆုံးသူကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ မိသားစုဝင်တွေရဲ့ သက်သေခံချက်တွေပေါ် အခြေခံပြီး ပုံကြမ်းတွေက ရ၀ ရာခိုင်နှုန်းတူတယ်၊ ပျောက်ဆုံးနေတဲ့ ကလေးတွေကို ရှာဖွေရာမှာ ပျောက်ဆုံးသူတွေရဲ့ ရုပ်ရည်သွင်ပြင်က အထောက်အကူဖြစ်သလို ပုံကြမ်းတွေကို ပြုပြင်ရေးဆွဲတာကိုလည်း ဆက်လုပ်ဆောင်တယ်လို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

source - DVB tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။