သက်ငယ်မုဒိမ်းမှုနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ စကားသံ

စင်္ကာပူ နိုင်ငံ ကို ချစ်ကြည်ရေး ခရီး ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ စင်္ကာပူရောက် မြန်မာ အသိုင်းအဝိုင်း တို့ဟာ ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ BIGBOX ကွန်ဗန်းရှင်း စင်တာ ရဲ့ ၃ လွှာမှာ တွေ့ဆုံ ခဲ့ကြပါတယ်။

တွေ့ဆုံပွဲ ကို တက်ရောက် လာကြတဲ့ သူတွေမေးမြန်း ထားတာ တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ပေးခဲ့တာ ကိုတွေ့ရပါတယ်။ အဲဒီ အထဲက မေးခွန်း အချို့တွေထဲကမှ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

မေးခွန်း - သက်ငယ် မုဒိန်းမှုတွေ သိပ်ကို များပြား နေပါတယ်။ ကလေးငယ်တွေ လုံခြုံ စိတ်ချဖို့ နဲ့ ဒီအမှု တွေ အတွက် ဘယ်လို စီစဉ်ထားပါသလဲ၊ ရှေ့လုပ်ငန်းစဉ် တွေကို သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် - အဲဒီ ကိစ္စဟာ ဥပဒေ နဲ့ ဆိုင်တဲ့ ကိစ္စတွေပါ။ လူမှုရေး နဲ့ ဆိုင်တဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်။ ဒီလို အမှုတွေ အတွက် ဘယ်လို ပုံစံနဲ့ အရေးယူရမလဲ ဆိုတာ နောက်ဆုံးကျတော့ လွှတ်တော်က ဆုံးဖြတ်ရမှာပါ။ ဒါပေမယ့် ဒါက လူမှုရေး ကိစ္စ တစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို သက်ငယ် တွေကို မုဒိန်းကျင့် ရတာလဲ။ ဘာလို့ ဒီလို အမှုတွေ ဒီလောက် များနေတာလဲ။ ကျမတို့ရဲ့ လူမှု အသိုင်းအဝိုင်းမှာ ဘာအားနည်းချက်တွေ ရှိလဲ ဆိုတာ ကို ပြန်ပြီးတော့ ကြည့်ဖို့ လိုပါတယ်။ ဒါဟာ မိသားစု စနစ် နဲ့ ဆိုင်လား ကလေးတွေကို သေသေချာချာ မစောင့်ရှောက်တာနဲ့ ဆိုင်လား ပတ်ဝန်းကျင် က စိတ်ထား တွေကြမ်း တမ်း လာတာ ဘာကြောင့်လဲ။ မူးယစ်ဆေးဝါး ကြောင့် ဖြစ်တာလား။ လူငယ် ဗီဒီယိုတွေကြောင့် ဖြစ်တာလား ဆိုတဲ့ အကြောင်း ရင်း ကိုရှာရပါ့မယ်။ ပြဿနာ တစ်ခု ကို ဖြေရှင်းချင်လို့ ရှိရင် ဘာကြောင့် ဒီပြဿနာ ပေါ် လာရသလဲ ဆိုတာ ကို ရှာရမှာ ဖြစ်ပါတယ်။ ဒါကို လူမှုရေး ဘက်ကနေ လေ့လာပါ့မယ်။ ဒါကို လေ့လာပြီးတော့ အဘက်ဘက် ကနေ ဘယ်လို ဖြေရှင်း သင့်သလဲ ဆိုတာ ကို ဆုံးဖြတ်ပါ့မယ်။ ဥပဒေတွေ ထုတ်ရုံနဲ့ မလုံလောက်ပါဘူး။ ဥပဒေအရ အရေးယူ တာက တစ်ပိုင်းပါ။ ဒါနဲ့တင် မပြီးပါဘူး။ အမြစ်ကိုရှာပြီး အမြစ်ကနေ လှန်လိုက် ရမှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်တာလဲ မဖြစ်အောင် ဘယ်လို လုပ်ရမလဲ။ အားလုံး မှာလည်း တာဝန် ရှိတယ်ဆိုတာ ကို ကျမ စောစောက ပြောသလို ပတ်ဝန်းကျင်မှာ တာဝန်ရှိပါတယ်။ ရပ်ရွာမှာ တာဝန် ရှိပါတယ်။ မိဘတွေမှာ တာဝန် ရှိပါတယ်။ မိဘတွေ ကရော သားသမီးတွေကို လုံခြုံအောင် မလုပ်နိုင်ဘူးလား။ မလုပ်နိုင်ရင် အစိုးရက ဘယ်လို ပုံစံ နဲ့ ကူညီ ရမလဲ။ ကလေးထိန်းဖို့ ကလေးထိန်း ဌာန တွေ ဒီလိုနေရာတွေ ပိုပြီးတော့ လိုအပ်လား။ ပတ်ဝန်းကျင် ကရော ဂရု မစိုက်ဘူးလား။ အမျိုးမျိုးစဉ်းစား ရမှာ ဖြစ်ပါတယ်။

အဖြေ တစ်ခုတည်း မရှိပါဘူး။ တချို့ကတော့ ဘာဖြေစေချင်လဲ ဆိုတော့ ဒီလို ရာဇဝတ်မှု ကျူးလွန်တဲ့ သူတွေကို အပြစ်ဒဏ်တွေ ကြီးကြီးမားမား ပေးရမယ်။ ဒါပဲ ပြောတယ်။ ဒါတစ်ခုတည်း နဲ့ မလုံလောက်ပါဘူး။ ပြစ်ဒဏ် ပေးတာလည်း လိုအပ်သလို အပြစ်ဒဏ်က ကြီးသင့်သလောက် ကြီးဖို့တော့ လိုပါတယ်။ လူမှုရေး အရ ဒီလို ကိစ္စတွေ မဖြစ်ပေါ်အောင် ကျမတို့ အားလုံးက ဝိုင်းပြီးတော့ အဖြေရှာ ရမှာ ဖြစ်ပါတယ်လို့ ပြောပါရစေ။

Source: BBC

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။