မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့မနက် (၇းဝဝ)နာရီက သုဝဏ္ဏကွင်းတွင် ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ် အတွက်ကြိုတင်လက်မှတ် ၀ယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် ပရိသတ်များ တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင် စကားဆိုခဲ့ သည်။ မြန်မာနှင့်ထိုင်း အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များသည် ကြုံတောင့်ကြံုခဲ စိတ်လှုပ်ရှားစရာ ပွဲစဉ်များ ဖြစ်သည့် အတွက် ပရိသတ် အားပေးမှုမှာ မျှော်မှန်းသည်ထက် အဆမတန် များပြားလာခဲ့သည်။

" မြန်မာ့လက်ရွေးစင် အသင်းကို အခုလို အားပေးလိုစိတ် အပြည့်ရှိကြတဲ့ ပရိသတ်တွေကို ကျွန်တော့်အနေနဲ့ တကယ့်ကို အထူး ကျေးဇူးတင်ပါတယ်။ ကွင်းဝင်ဆံ့တာက သုံးသောင်း၊ ကွင်းထဲအရောက် အားပေးနေချင်တဲ့ ပရိသတ်က သုံးသိန်းလောက်ရှိတဲ့ အခြေအနေမျိုးဖြစ်နေတာပါ။ ကျွန်တော်တို့ အနေနဲ့ ပရိသတ်တိုင်းကို လက်မှတ် ရစေချင်ပေမဲ့လည်း တကယ်တမ်းတော့ ၀င်ဆံ့မှု ရှိသလောက်ပဲ ရောင်းချပေးနိုင်မှာပါ။ MFF အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေပါတယ်။" ဟု အဖွဲ့ချုပ် ဥက္ကဋ္ဌက ပရိသတ်များနှင့် တွေ့ဆုံရာတွင် ပြောကြား နှုတ်ဆက်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် ပွဲကြိုလက်မှတ်များကို သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် လှည်းတန်း စင်တာတို့တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ လက်မှတ်များအား ရောင်းချ ပေးသွားမည် ဖြစ်သည်။ ထို့အပြင် မြန်မာ့ရုပ်မြင်သံကြား MRTV မှလည်း တိုက်ရိုက်ပြသ သွားမည် ဖြစ်သည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌသည် ပရိသတ်များနှင့် တွေ့ဆုံပြီးနောက် နိုင်ငံတကာ ပြိုင်ပွဲများအတွက် လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကိုလည်း သွားရောက်အားပေးခဲ့သည်။ လက်ရှိ အချိန်တွင် မြန်မာ့ လက်ရွေးစင် အသင်းကြီးသာမက ၂၀၁၇ ဆီးဂိမ်းစ်အတွက် ဖွဲ့စည်းထားသည့် မြန်မာ ယူ ၂၂ အသင်း၊ မြန်မာ ယူ၁၈ အသင်း၊ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းနှင့် မြန်မာ့ လက်ရွေးစင် ယူ ၁၉ အမျိုးသမီး အသင်းတို့လည်း စုဖွဲ့လေ့ကျင့်မှုများ ကိုယ်စီ ပြုလုပ်လျက် ရှိကြသည်။

Ref., MFF

photo - MFF
photo - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။