နေပြည်တော်၊ ဇန်နဝါရီ ၁၄ - ဂျပန်နိုင်ငံမှ ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို ပိုမိုလာရောက်လည်ပတ်စေဖို့ ရည်ရွယ်ပြီး နေပြည်တော်ကောင်စီနယ်မြေမှာ ချယ်ရီပန်းပင် ၁၀ဝ၀ စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။မြန်မာနိုင်ငံနေပြည်တော်ကို ကမ္ဘာလှည့်ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်သွားဖို့နဲ့ ဂျပန်နိုင်ငံမှ ခရီးသွားဧည့်သည်တွေပိုမိုလာရောက်စေဖို့ အခုလိုချယ်ရီပန်းပင်တွေစိုက်ပျိုးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ချယ်ရီပန်းပင်တွေကို ဂျပန်လူမျိုး များ မြတ်နိုးကြသလို သစ်ပင်၊ ပန်းပင်စိုက်ပျိုးခြင်းကိုလဲ မြန်မာလူမျိုးများနှစ်သက်ကြပါတယ်။ မြန်မာလူမျိုးများဟာ ဧည့်သည်ကိုအင်မတန်မှ ခင်မင်တတ်တဲ့ လူမျိုးတွေလဲဖြစ်ပြီး၊ ချယ်ရီပင်တွေကို အကြောင်းပြုပြီး လာရောက်မယ့် ဂျပန်ဧည့်သည်တွေကို ကျွန်တော်တို့တွေမျှော်နေကြမှာဖြစ်ပါတယ်လို့ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်လည်ပတ်မှုတွေမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတွေကအများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံက တတိယမြောက်ခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံ နေပြည်တော်ကို ဂျပန်နိုင်ငံမှ ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လည်ပတ်လာစေဖို့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုရင်းနှီးမြုပ်နှံလာစေဖို့ ရည်ရွယ်ချက်နဲ့ ချယ်ရီပန်းပင်တွေကို စိုက်ပျိုးတာ ဖြစ်ပါတယ်။ပြည်ထောင်စုဝန်ကြီးက’နေပြည်တော်ဟာ အုပ်ချုပ်မှု မြို့တော်ဖြစ်သည် သာမက မြန်မာနိုင်ငံမှာရှိတဲ့ ခရီးစဉ်ဒေသများကို အလွယ်တကူသွားရောက်နိုင်တဲ့ အချက်အချာကျတဲ့ မြို့တော်လဲဖြစ်တယ်၊ မြန်မာနိုင်ငံကို လာရောက်တဲ့ ဧည့်သည်များဟာ နေပြည်တော်ကိုလာရင်း ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးအစရှိတဲ့ ခရီးစဉ်ဒေသများကိုအလွယ်တကူလည် ပတ်နိုင်မှာဖြစ်ပါတယ်။

ချယ်ရီပင်ကိုအကြောင်းပြုပြီး ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်ကြမယ်လို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။အခုစိုက်ပျိုးတဲ့ ချယ်ရီပန်းပင်တွေကမြေသဘာဝ မတူညီပေမဲ့ အပင်မျိုးရိုးဗီဇကို ပြုပြင်ပြောင်းလဲထားပြီး မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးဖြစ်ထွန်းနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ မြန်မာနိုင်ငံကိုကမ္ဘာလှည့်ခရီးသွားတွေအတွက် (Emerging Destination) ပေါ်ထွန်းစ ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းက လည်း နေပြည်တော်ရှိ ဗိုလ်ရှုသဘင်အဆောက်အအုံအနီးမှာ ချယ်ရီပန်းပင်  ၁၀ဝ  ကို ပထမအကြိမ်အဖြစ် စိုက်ပျိုးခဲ့ပါတယ်။

အဆိုပါချယ်ရီပန်းပင်တွေဟာ၂၀၂၀ ပြည့်နှစ်မှာ စတင်ပွင့်ဖူးမယ်လို့ခန့်မှန်းထားပြီး ချယ်ရီပန်းပွင့်တွေရဲ့ အလှအပတွေကိုမြင်တွေ့ခံစားလိုတဲ့ ခရီးသွားဧည့်သည်တွေကို မြန်မာနိုင်ငံအနေနဲ့ နွေးထွေးပျူငှာစွာဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။ အခုကျင်းပတဲ့ မြန်မာ – ဂျပန် ချစ်ကြည်ရေးဒုတိယအကြိမ် ချယ်ရီပန်းပင်စိုက်ပွဲတော်မှာ ချယ်ရီပန်းပင် ၂၀ဝ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ကွန်ဗင်ရှင်းဗဟိုဌာန(၁) နဲ့ Royal Myanmar Golf Club တို့မှာ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။သစ်ပင်စိုက်ပွဲတော်ကို ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ Japan Myanmar Parliamentary Friendship Association မှ Mr. ICHIRO AISAWA ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက် စိုက်ပျိုးခဲ့ကြပါတယ်။

Source - KMD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။