သွားတိုက်တာက မနက်တစ်ကြိမ်၊ ည တစ်ကြိမ် တိုက်ရင် လုံလောက်ပြီလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို နှစ်ကြိမ် သွားတိုက်ခြင်းမှာလည်း နည်းလမ်းမှန်ကန်ဖို့ လိုအပ်ပါတယ်။ သွားကလည်း မဖြစ်မနေ ဂရုစိုက်သင့်တဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တာမို့ နည်းလမ်းမှန်ကန်စွာ သွားတိုက်တတ်မယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေး ပြသနာတွေကိုလည်း ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် နည်းလမ်းမှန်ကန်စွာ သွားတိုက်နည်းကို ဗဟုသုတ ရရှိအောင် ဖော်ပြပေးလိုက်ပါတယ်။ 

(၁) အနည်းဆုံး ၂ မိနစ်ကြာအောင် သွားတိုက်ပါ။

မလိုအပ်ဘူးလို့ ထင်ရပေမယ့် ဒါက အရေးကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။ တစ်နေ့လုံး စားသမျှ အစားအသောက်တွေကို ဖယ်ရှားပေးဖို့ စိတ်ရှည်ရှည်နဲ့ အနည်းဆုံး ၂ မိနစ်တော့ အချိန်ပေးသင့်ပါတယ်။

(၂) သွားတိုက်တဲ့ အခါ အာရုံစိုက်ထားပါ။

သွားတိုက်တဲ့ အခါ စိတ်ကို တခြား ရောက်မနေဘဲ သွားနဲ့ သွားဖုံးကြားကို နေရာအနှံနှင့် သေသေချာချာ သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ သွားတိုက်တဲ့ အခါ စိတ်ကိုသွားမှာ အာရုံစိုက်ထားပါ။

(၃) နူးညံ့စွာ သွားတိုက်ပါ။

သွားတိုက်တဲ့ အခါမှာ စိတ်ရှည်ရှည်နှင့် နူးညံ့ သိမ်မွေ့စွာ သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ သွားကို အနည်းဆုံး ၂ မိနစ်ခန့် စက်ဝိုင်းပုံစံဖြင့် ညင်သာစွာ တိုက်ပေးပါ။ 

(၄) သွားပွတ်ကြိုးကို နေ့စဉ် အသုံးပြုပါ။

သွားမတိုက်မီ သွားပွတ်ကြိုးနှင့် သွားကြားတွေကို သန့်ရှင်းရေး လုပ်ပေးပါ။ သွားပွတ်ကြိုးက သွားကြားတွေမှာ ကပ်ညှိနေတဲ့ အညစ်အကြေးတွေကို သေသေချာချာ သန့်စင်ပေးနိုင်ပါလိမ့်မယ်။ သွားပွတ်ကြိုးကို အသုံးပြုပြီးမှသာ သွားတိုက်တံနှင့် သွားကို တိုက်ပေးပါ။

(၅) သွားတိုက်တံ ကို သန့်ရှင်းအောင် ထားပါ။

သွားတိုက်တံ ကို အသုံးပြုပြီးတဲ့ အခါ သေသေချာချာ ပြန်လည် ဆေးပါ။ ရေအိမ်နှင့် တွဲစပ်ထားသော ရေချိုးခန်းမျိုး ဆိုလျှင် သွားတိုက်တံကို ရေချိုးခန်းထဲမှာ လုံးဝ မထားသင့်ပါဘူး။ သွားတိုက်တံကို အသုံးမပြုခင်လည်း ရေနှင့်တစ်ခေါက်ဆေးပြီးမှသာ အသုံးပြုသင့်ပါတယ်။

(၆) သွားကို အထောက်အကူ ဖြစ်စေသော သစ်သီးများ စားပါ။

သဘာဝနည်းအတိုင်း သွားကို ကျန်းမာစေသော သစ်သီးများကို မကြာခဏ စားသုံးပေးသင့်ပါတယ်။ အသီးအနှံ အများစုက သွား ကျန်းမာရေးကို အထောက်အကူ ပေးတာမို့ အသီးအနှံများ စားဖို့ မမေ့ပါနဲ့ ။

(၇) ၃လ (သို့မဟုတ်) ၄ လ တစ်ကြိမ် သွားတိုက်တံ အသစ်လဲပါ။

သွားတိုက်တံမှာ ကပ်ညှိနေတဲ့ မမြင်ရတဲ့ ပိုးမွှားတွေက ပါးစပ်ထဲကို အလွယ်တကူ ၀င်စေနိုင်ပါတယ်။ ဒါ့ကြောင့် အနည်းဆုံးတော့ ၄ လ တစ်ကြိမ် သွားတိုက်တံကို အသစ်လဲပေးပါ။ ၄ လ မပြည့်ခင်မှာလည်း သွားတိုက်တံက ဖွာလန်ကျဲနေတဲ့ အခါ မှာလည်း အသစ်လဲလိုက်ပါ။

(၈) သွားတိုက်တံကို ရွေးချယ်တဲ့အခါ မှန်ကန်စွာ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

သွားတိုက်တံကို ရွေးချယ်တဲ့ အခါ သွားတိုက်တံ အမျှင်လေးတွေ ကြမ်းတမ်းတာမျိုးကို မရွေးချယ်သင့်ပါဘူး။ အရမ်း ကြမ်းလွန်းတဲ့ သွားတိုက်တံမျိုးက သွားရဲ့ ကြွေလွှာတွေ ပျက်စီးစေနိုင်ပါတယ်။ သွားတိုက်တံ အရွယ်အစား ကြီးလွန်း၊ သေးလွန်းတာမျိုးကိုလည်း ရှောင်ကြဉ်ပြီး အနေတော် သာ ရှိတဲ့ သွားတိုက်တံကိုသာ ရွေးချယ်ပါ။ 

(၉) အစားအသောက် စားစားပြီးချင်း သွားမတိုက်ပါနဲ့။

အနည်းဆုံး နာရီဝက် ခြားပြီးမှသာ သွားတိုက်သင့်ပါတယ်။ ဒီလို ပြုလုပ်ခြင်းက သွားနဲ့ သွားဖုံးမှာ ရှိတဲ့ PH level တွေကို ပျက်စီး ဆုံးရှုံးစေနိုင်ပါတယ်။

(၁၀) တစ်နေရာတည်းကို အချိန်အကြာကြီး မတိုက်ပါနဲ့။

တစ်ခုခုကို စဉ်းစားနေတဲ့အခါ ဖြစ်ဖြစ်၊ သတိမထားမိတဲ့ အခါဖြစ်ဖြစ် တစ်နေရာတည်းကို အကြာကြီး သွားတိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းက သွား နဲ့ သွားဖုံးတွေကို ရောင်ရမ်းခြင်း၊ နာကျင်ခြင်း မျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဖော်ပြပါ နည်းလမ်းများကို သိရှိပြီးနောက် လှပ ကျန်းမာသော သွားလေးများကို ပိုင်ဆိုင်နိုင်ကြပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။