ကွန်ဒိုအဆောက်အအုံတွေကို ဝယ်ယူနိုင်မယ့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေက နိုင်ငံခြားသားဝယ်ယူခွင့် ပုံစံကိုဖော်ပြခဲ့ပါတယ်။နိုင်ငံခြားသား တွေအထပ်မြင့်  ဝယ်ယူတဲ့အခါ အိမ်ခန်းမှာ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ အိမ်ခန်းဖြစ်ရမှာဖြစ်ပြီး စုပေါင်းအဆောက်အအုံနဲ့ပတ်သက်တဲ့ ဥပဒေပုဒ်မ- ၂ (က)မှာ ပြဋ္ဌာန်းထားတဲ့ မှတ်ပုံတင်ထားပြီး စုပေါင်းပိုင်မြေမှာ စုပေါင်းဆောက်လုပ်ထားတဲ့ ခြောက်ထပ်နဲ့ အထပ်ရှိတဲ့အထပ်မြင့် အဆောက်အအုံကိုသတ်မှတ်ထားကြောင်း သိရပါတယ်။စုပေါင်းပိုင် အဆောက်အအုံဖြစ်ဖို့အတွက် (၁)မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေမှာဆောက်လုပ်ထားတာဖြစ်ရမယ်။ (၂) စုပေါင်းပိုင် အဆောက်အအုံအဖြစ်ဆောက်လုပ်ထားရမယ် (၃)ခြောက် ထပ်နဲ့ အထက်ရှိရမယ်လို့သိရပါတယ်။

စုပေါင်းပိုင်မြေဆိုတာ ဥပဒေပုဒ်မ ၁၀(က) အရ မှတ်ပုံတင်လိုတဲ့ မြေဟာဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်အဖြစ်ရရှိပြီး  ပိုင်ဆိုင်ခွင့်လွှဲပြောင်းနိုင်တဲ့ မြေအမျိုးအစားဖြစ်ရပါမယ်။ ဥပဒေ ပုဒ်မ ၁၀(ခ) အရမြေလက်ရှိ ပိုင်ဆိုင်သူက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ  စုပေါင်းပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့်လွှဲပြောင်းပေးပြီးဖြစ်ရပါမယ်။ ဥပဒေ ပုဒ်မ ၁၀(ဂ) အရ  မြို့ပြစီမံ ကိန်းအရ သက်ဆိုင်ရာအစိုးရ ဌာနအဖွဲ့အ စည်းကသတ်မှတ်ထားတဲ့ အချက်တွေညီညွတ်ရမယ်။ ဥပဒေပုဒ်မ ၁၀(ဃ)အရ မြေဧရိယာဟာ အနည်းဆုံး စတုရန်းပေ ၂၀,ဝဝဝ နဲ့ အထက်ရှိရမှာ ဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင် မြေဖြစ်လာဖို့ရာမှာလည်း အထက်ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ရမှာဖြစ်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်ကိုသူရကပြောပြထားပါတယ်။ဥပဒေ၊   နည်းဥပဒေအရ နိုင်ငံခြားသားတွေအဆောက်အအုံတွေဝယ်ခွင့်ရှိတဲ့ မြို့ နယ်တွေတော့ သတ်မှတ်ထားတာမတွေ့ ရသေးပါဘူး။ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေထုတ်ပြန်ထား ခြင်းမရှိသေးဘူးလို့ ၎င်းက ပြောပြခဲ့ပါတယ်။

ဥပဒေပုဒ်မ ၂၆ (ဃ) နဲ့ နည်းဥပဒေ ၃၄  အရ စုပေါင်းပိုင်အဆောက်အအုံတစ်လုံးရဲ့ ရောင်းချနိုင်တဲ့ စုစုပေါင်းကြမ်းခင်း ဧရိ ယာရဲ့ ၄၀ ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းတွေကို နိုင်ငံခြားသားတွေကိုရောင်းချနိုင်ပါတယ်။နည်းဥပဒေ ၃၇ အရ စုပေါင်းပိုင် အဆောက်အအုံရဲ့ အိမ်ခန်း ၂၅ ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းတွေကို ဝယ်ယူသူ တစ်ဦးတစ်ယောက်တည်း အမည်နဲ့ မှတ်ပုံတင်ခွင့်ရှိပြီး နည်းဥပဒေကတော့ နိုင်ငံသား၊ နိုင်ငံခြားသားရယ်လို့ခွဲခြားမထားဘဲ မည်သူမဆိုဖြစ်ကြောင်း သိရပါတယ်။ပြဋ္ဌာန်းချက်တွေအရ နိုင်ငံခြားသားတွေအနေနဲ့ ဝယ်ယူထားတဲ့ အခန်းတွေကို ပြန်ရောင်းချခွင့်၊  အငှားချခွင့်၊  ခွင်ပြုချက်နဲ့ ထားပိုင်ခွင့်၊ ပေါင်နှံခွင့်ရှိပြီး  ဥပဒေ ပုဒ်မ ၂၆ နဲ့ နည်းဥပဒေ ၄၆ တို့ အရ နိုင်ငံခြားသားအနေနဲ့ စုပေါင်းပိုင်သူအခွင့်အရေးတွေရထိုက်ခွင့်ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် နည်း ဥပဒေ ၄၇ အရ နိုင်ငံခြားသား ကွယ်လွန် သို့မဟုတ် ပြည်နှင်ဒဏ်ခံရရင် ဥပဒေအရ ဆက်ခံပိုင်ခွင့်ရှိသူက မှတ်ပုံတင်အရာရှိထံက တစ်ဆင့်စီမံခန့်ခွဲရေးကော်မတီကို တင်ပြလျှောက်ထားနိုင်ကြောင်း သိရပါတယ်။

မှတ်ပုံတင်ထားတဲ့ စုပေါင်းမြေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထား မူရင်းတွေကို စုပေါင်းပိုင်အဆောက်အအုံအသင်းရဲ့ အမှုဆောင်အဖွဲ့ဆီကို မှတ်ပုံတင်အရာရှိကလွှဲပြောင်းပေးရမှာ ဖြစ်ပြီး စုပေါင်းပိုင် အဆောက်အအုံ၊ စုပေါင်းပိုင် မြေတွေနဲ့ပတ်သက်လို့အသင်းနဲ့ အမှုဆောင်အဖွဲ့က စီမံခန့်ခွဲဆာင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နည်းဥပဒေ ၃၆ အရ နိုင်ငံခြားသား  အနေနဲ့ စုပေါင်းပိုင်အဆောက်အအုံရဲ့ သက်တမ်းကာလအတွင်းသာ အိမ်ခန်းပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။စုပေါင်းပိုင်အဆောက်အအုံတစ်ခုမှာ နိုင်ငံခြားသားရောင်းချနိုင်တဲ့ စုစုပေါင်းကြမ်းခင်းဧရိယာ ရဲ့  ၄၀  ရာခိုင်နှုန်း ဖြစ်ပြီး ဥပဒေ ပုဒ်မ ၂၆ ပါ စုပေါင်း ပိုင်သူရဲ့အခွင့်အရေးတွေကို နိုုင်ငံသား များနည်းတူခံစားခွင့်ပေးထားကြောင်း သိရပါတယ်။နိုင်ငံခြားသားတွေအနေနဲ့ ကွန်ဒိုအဆောက်အအုံတွေဝယ်ယူခွင့်ရရှိမယ့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေ ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

Source - KMD 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။