ဒီအဖြစ်အပျက်ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာတော့ တကယ့်ကို ဖြစ်ခဲ့တာလို့ သိရပါတယ်

အဆိုပါအမျိုးသမီးဟာ လူသူရှုပ်ထွေးတဲ့ ဈေးဝယ်စင်တာတခုအနီးမှာ ရှိနေခဲ့ကာ ဒူးတဖက် ထောက်လျက်သား အခြေအနေနဲ့ အမျိုးသားကို လက်ထပ်ခွင့်တောင်းခဲ့တာ တွေ့ရပါတယ်။

သူတို့နားမှာ လမ်းသွားလမ်းလာတွေဟာလည်း ပျားပန်းခပ် သွားလာနေခဲ့ကြတာကို တွေ့ရပြီး တချို့ကလည်း သူတို့ နှစ်ယောက်ရဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့ကြတာကို တွေ့ရပါတယ်။

အမျိုးသမီးရဲ့ လက်ထဲမှာတော့ လက်ဝတ်ရတနာဘူးလေး တဘူးကို ကိုင်ထားခဲ့ကာ အမျိုးသားကို လက်ဟန် ခြေဟန်နဲ့ ပြနေခဲ့ချိန်မှာ အမျိုးသားက လျစ်လျူရှုခဲ့ပြီး အနားကနေ ထွက်သွားဖို့ ကြိုးစားခဲ့တာပါ။

အမျိုးသမီးဟာ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေနဲ့ လက်ဝတ်ရတနာဘူးကို ကိုင်ကာ ဒူးထောက်လျက်သား ကျန်နေခဲ့ပြီး နောက်မှာမှ အမျိုးသားက ပြန်လှည့်လာပြီး မတ်တတ်ရပ်လိုက်ဖို့ တောင်းဆိုခဲ့ကာ ပွေ့ထူခဲ့တာကို တွေ့ရပါတယ်။

ဒါဟာ အများက မျှော်လင့်အလို အချစ်နဲ့ ပျော်ရွှင်စရာ အဆုံးသတ် မဟုတ်ခဲ့ပါဘူး။ အမျိုးသားဟာ အမျိုးသမီးရဲ့ နားနားကို ကပ်ပြီး တခုခု ပြောလိုက်ပုံရကာ အဲဒီနောက်မှာတော့ အနားကနေ ထွက်သွားခဲ့တာကို တွေ့ရပါတယ်။

စိတ်ရှုပ်ထွေးနေပုံပေါ်တဲ့ အမျိုးသမီးဟာ ဒူးထောက်လျက် ကျန်နေခဲ့ပြီးနောက်မှာ အမျိုးသားနောက်ကို လက်ဝှေ့ယမ်း လိုက်ခဲ့ဖို့ ကြိုးစားပေမယ့် အမျိုးသားရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပါဘူး။

အဲဒီနောက် သူ့အနားကို အဖော်အမျိုးသမီးတဦးက ရောက်လာခဲ့ပြီး နှစ်သိမ့် ထွေးပွေ့ထားခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ပျံံ့နှံ့နေပြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။

ခရစ္စတီးဂလို အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ သူဟာ အမျိုးသမီးရဲ့ သူငယ်ချင်း ဖြစ်တယ်လို့ ပြောလိုက်ပြီး အဆိုပါအမျိုးသားဟာ နားနားကပ်ပြီး သူ့မှာ အိမ်ထောင်ရှိတယ်လို့ ပြောခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဘယ်သူကစပြီး လက်ထပ်ခွင့်တောင်းသင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်နေကြတာဖြစ်ပြီး ချပ်က်ဝတ်ဒီ အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “မိန်းကလေးတွေအတွက် ဒါသင်ခန်းစာပဲ။ ငါတို့ နေထိုင်တာ ၂၁ ရာစုမှာဆိုတာ မင်း သိသင့်တယ်။ အမျိုးသားအနေနဲ့ သူ လုပ်ရမယ့်အလုပ်ကို သူ လုပ်ရမှာပဲ။ မင်းအနေနဲ့က ကိုယ့်ကိုယ်ကိုယ် အဓိပ္ပာယ်ရှိ်တဲ့ အမျိုးသမီးတယောက်ဖြစ်အောင် ကြိုးစားဖို့ပဲ”လို့ ရေးခဲ့တာ ပါ။

ချီဒိုလောရင့်စ် အမည်နဲ့ အင်တာနက်အသုံးပြုသူကတော့ “ပိုပြီး ယဉ်ကျေးလာတဲ့ လူ့အဖွဲ့အစည်းမှာ မင်းရဲ့ သတ္တိကို သဘောကျပါတယ်။ ဒီလို လက်ထပ်ခွင့်တောင်းတယ်ဆိုတာ အမျိုးသားတယောက်ရဲ့ အလုပ်ပဲ မဟုတ်လား”လို့ မှတ်ချက်ရေးခဲ့တာပါ။

Source- DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။