မြောက်ကိုရီးယား နျူကလီးယားစီမံကိန်းကြောင့် တင်းမာမှု ရှိနေစဉ် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအဖြစ် စစ်တပ်တစ်ရပ် လာတိုက်ခိုက်သည့်အခါ ရင်ဆိုင်ရမည့် ပညာပေးလေ့ကျင့်မှုအဖြစ် ဇန်နဝါရီ ၂၂ ရက်တွင် တိုကျိုမြို့နေ ရာပေါင်းများစွာက သဏ္ဍာန်တုလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြသည်။

တိုကျိုဖျော်ဖြေရေးပန်းခြံမှာ ပြုလုပ်သည့် ယခု လေ့ကျင့်မှုတွင် လော်စပီကာတစ်လုံးမှနေ၍ အရေးပေါ် သတိပေးချက် ထုတ်လွှင့်ရာတွင် “ဒုံးကျည် အပစ်ခံနေရေပြီ။ ကျေးဇူးပြုပြီး အဆောက်အအုံတွေ၊ မြေအောက်ခန်းတွေထဲ ၀င်နေကြပါ။”ဟု သတိပေးထုတ်လွှင့်သည်။

ထို သတိပေးချက် ကြားလိုက်ပြီးချင်း ၀န်ထမ်းပြည်သူ ၂၅၀ ခန့်က အဆောက်အအုံများ၊ အနီးရှိ မြေအောက်ဘူတာရုံများသို့ ပြေးလွှားသွားကြစဉ် ပန်းခြံမှ ၀န်ထမ်းတစ်ဦးကလည်း ပတ်လည်ပြေးလွှားကာ “ဒုံးကျည်ပစ်နေပြီ။ ဒုံးကျည်ပစ်နေပြီ။”ဟု အော်ဟစ်သတိပေးလျက်ရှိသည်။

မိနစ်အနည်းငယ်အကြာတွင် ဒုတိယသတိပေးချက်ကို ထပ်ကြေညာရာ “ဒုံးကျည် ဖြတ်သွားပါပြီ။ ဒေသပေါ်က ဖြတ်ပြီး ပစိဖိတ်သမုဒ္ဒရာထဲ ကျပါတယ်။”ဟု ထုတ်လွှင့်ခြင်းဖြစ်သည်။

ငလျင်ဒဏ်များ ဖြစ်ပေါ်လေ့ရှိရာ ဂျပန်နိုင်ငံတွင့် သဘာဝဘေး သဏ္ဍာန်တုဖြင့် ပညာပေးလေ့ကျင့်မှုများကို ပြုလုပ်ေလေ့ရှိပြီး စာသင်ကျောင်းများ၊ လုပ်ငန်းဌာနများမှသည် စောင့်ရှောက်ရေးဂေဟာများအထိ လေ့ကျင့်မှုများကို ပြုလုပ်လေ့ရှိသည်။

သို့သော် မြောက်ကိုရီးယားမှ ဒုံးကျည်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သဏ္ဍာန်တု လေ့ကျင့်မှုပြုခြင်းက ယမန်နှစ်က ဂျပန်နိုင်ငံက အခြားဒေသများတွင် လုပ်ဆောင်ဖူးထားသော်လည်း ဆန်းသစ်သည့် အမြင်ဖြစ်နေဆဲ ဖြစ်သည်။ 

“ဘာမှ မလုပ်တာထက်စာရင် ခုလို လေ့ကျင့်မှုမျိုးက ပိုကောင်းတယ် ထင်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဖက်က ဒုံးကျည် မတိုက်ခိုက်လာဖို့ပဲ ကျွန်တော် ဆုတောင်းမိတယ်။”ဟု အသက် ၂၀ ရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောခဲ့သည်။

ဂျပန်နိုင်ငံ၏ ယခု လေ့ကျင့်မှုသည် မြောက်ကိုရီးယားဖက်က ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ပြီး ဂျပန်ပင်လယ်တွင်းသို့ ကျရောက်ခဲ့မှုများကြောင့် တင်းမာမှုများ ဖြစ်တည်နေဆဲတွင် ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

source - mizzima news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။