၂၁ ရာစုနောက်ပိုင်းမှာတော့ နည်းပညာတွေဟာ တဟုန်းတိုးမြန်ဆန်စွာ တိုးတတ်လာခဲ့ပါတယ်။ထောင့်ပေါင်းစုံမှာ ဖွံ့ဖြိုး တိုးတတ်လာနဲ့အမျှ လူတွေဟာကမ္ဘာကြီးကို အံသြစရာတွေနဲ့မိတ်နေပါတယ်။ဒီထဲမှာတော့ ကမ္ဘာကျော် Tokyo Bay Aqua Line ကတော့တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီနေရာကတော့ ဂျပန်နိုင်ငံတိုကျိုပင်လယ်အော်မှာ ရှိတဲ့ Tokyo Bay Aqua Line ဆိုတဲ့ကားလမ်းတစ်ခုဖြစ်ပါတယ်။ Trans-Tokyo Bay Highway လို့လည်း လူသိများပါတယ်။

ဒီလမ်းဟာ aqua တံတား နဲ့ ရေအောက်တူးမြောင်းကို ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ Kawasaki မြို့နှင့် Kisarazu မြို့တို့ကို ဆက်သွယ်ထားတဲ့လမ်းဖြစ်ပြီး အရှည် ၉မိုင်ရှိပါတယ်။

Kisarazu မြို့ဘက်ခြမ်း ၃မိုင် ကို တံတားထိုးထားပြီး Kawasaki မြို့ ဘက်ခြမ်း ၆မိုင်ကို တော့ ပင်လယ်ရေအောက် မြေကြီးကို ဥမင်လှိုင်ခေါင်းတူးကာ ဆက်သွယ်ထားခြင်းဖြစ်ပါတယ်။

တံတားတစ်ဆက်တည်းထိုးရင် ရပါလျှက်နဲ့ မထိုးပဲ ဥမင်ဖောက်တဲ့အကြောင်းကတော့ ပင်လယ်ကူးသင်္ဘောတွေလွတ်လပ်စွာ သွားလာနိုင်အောင်လို့ပါတဲ့။

၁၉၈၈ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ဆောက်လုပ်ချိန် ၉နှစ်ယူပြီးတည်ဆောက်ခဲ့ရပါတယ်။

ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလျံ ကုန်ကျခဲ့ပါတယ်။ တံတားနဲ့ ဥမင်လှိုင်ခေါင်းဆုံရာနေရာမှာတော့ လူလုပ်ကျွန်းလေးတစ်ခုကို ထည့်သွင်းဖန်တီးထားပါတယ်။

ဒီလမ်းကိုဖြတ်သန်းသူတွေ ခရီးတစ်ထောက်နားရင်း ပင်လယ်ပြင်ရှု့ခင်းတွေကိုကြည့်ကာ အပန်းဖြေစေဖို့ဖြစ်ပါတယ်။ ဒီကျွန်းလေးပေါ်မှာ ကားရပ်နားတဲ့နေရာ နဲ့ အတူ ငါးထပ်အဆောက်အဦီးတစ်ခုရှိပါတယ်။

ဒီနေရာကိုတော့ Umihotaru(ပင်လယ်ပိုးစုန်းကြူး) လို့ခေါ်ပြီး စားသောက်ခန်းမ ၊ ဂိမ်းကစားတဲ့နေရာတွေ ၊ အမှတ်တရစတိုင်းဆိုင် နဲ့ ပန်းခြံတွေပါရှိပါတယ်။

Tokyo Bay Aqua Line ဖြစ်ပေါ်လာပုံသမိုင်းနဲ့ တည်ဆောက်ခဲ့ပုံအကြောင်းကို ဒီနေရာမှာ ပြတိုက်အနေနဲ့ ပြသထားပါသေးတယ်။

တံတားကိုဖြတ် ခရီးတစ်ထောက်နားပြီးရင်တော့ ဥပင်လှိုဏ်ခေါင်းထဲကို ဖြတ်ရမှာပါ။ ပင်လယ်ရေအောက်မြေကြီးကို တူးထားတာဖြစ်လို့ အန္တရာယ်ဖြစ်မှာ အသက်ရှုကျပ်မှာတွေကို ပူဖို့မလိုအောင်ပြုလုပ်ပေးထားပါတယ်။

ထိမ်းချုပ်ရေးစခန်းကနေ တူးမြောင်းထဲက လေတွေကို အမြဲသန့်စင်ပေးနေပြီး ဖုန်းလိုင်း ၊ အင်တာနက်လိုင်းနဲ့ မီးအလင်းတွေကိုလည်း ပြတ်တောက်မသွားအောင် ၂၄နာရီဆောင်ရွက်လျှက်ရှိပါတယ်။ 

အန္တရာယ်တစ်ခုခုဖြစ်တာနဲ့ ချက်ချင်းထွက်နိုင်အောင် အရေးပေါ်ထွက်ပေါက်တွေကိုထားရှိပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေကလည်း အဆင်သင့်ရှိနေပါတယ်။

ဥမင်ထဲမှာပဲ ပုံမှန်သွားနေတဲ့ လမ်းမရယ် အရေးပေါ်ကယ်ဆယ်ဖို့အတွက်လမ်းရယ်ဆိုပြီး နှစ်ထပ်လမ်းကိုဆောက်လုပ်ထားတာဖြစ်ပါတယ်။

၉ မိုင်အရှည်ရှိတဲ့ ဒီလမ်းက တံတား နဲ့ ဥမင်တို့ကိုဖြတ်သန်းချိန်ဟာ ပျမ်းမျှအားဖြင့် ၁၅ မိနစ်ခန့်ကြာမြင့်မှာဖြစ်ပါတယ်။

ဒီလမ်းမရှိခင်ကဆိုရင်တော့ Kawasaki မြို့ကနေ Kisarazu မြို့ကိုရောက်ဖို့ ၁နာရီခွဲကြာမြင့်ခဲ့ပါတယ်။

နေ့စဉ်နဲ့အမျှ ကားကြီးကားသေး မြောက်များစွာဟာ ဒီလမ်းကိုဖြတ်သန်းပြီးတော့ Yokohama ဘူတာ ၊ Haneda လေဆိပ် ၊ Tokyo ဘူတာ နဲ့ အဓိက စက်မှုဇုန်တွေဖြစ်တဲ့ Chiba ခရိုင် နဲ့ Kanagawa ခရိုင်က စက်မှုဇုန်တွေဆီကို သွားလာလျှက်ရှိပါတယ်။ 

Source - Knowledge Zone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။