ကျူးဘားနိုင်ငံက ဆယ်ကျော်သက် ကလေးငယ်တဦးဟာ မျက်နှာပေါ်မှ ၄ ဒဿမ ၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဧရာမ အသားပိုဖုကြီးကို ခွဲစိတ်ဖယ်ရှားပြီးနောက်မှာ သေဆုံးသွားခဲ့ပါတယ်။

အသက် ၁၄ နှစ်အရွယ် အီမန်နျူရယ်ဇာရက်စ်ဟာ Polyostotic Fibrous Dysplasia လို့ ဆေးပညာရှင်တွေက အမည်တပ်ကြတဲ့ ရောဂါတမျိုးကြောင့် ခုလိုဖြစ်ခဲ့ကာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက အမေရိကန်နိုင်ငံဆီ ဆေးကုသဖို့ ရောက်ရှိနေခဲ့တာပါ။

သူ့မျက်နှာပေါ်မှ အသားပိုအလုံးကြီးဟာ ကြီးထွားလာတာမို့ အသက်ရှူနိုင်ဖို့လည်း အခက်အခဲ ဖြစ်နေခဲ့တာကြောင့် ဆရာဝန်တွေက ခွဲစိတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မီယာမီပြည်နယ်၊ ဟော့လ်ထ်ဇ်ကလေးဆေးရုံမှာ ခွဲစိတ်ခဲ့တဲ့ ဒီခွဲစိတ်မှုဟာ အချိန် ၁၂ နာရီ ကြာမြင့်ခဲ့တာဖြစ်ပြီး ဆရာဝန်တွေဟာ အသားပိုဖုကြီးကို ဖယ်ရှားကာ ကလေးငယ်ရဲ့နှာခေါင်းကို ပြန်လည်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။

အစပိုင်းကတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပေမယ့် သီတင်းပတ်အကြာမှာတော့ ကိုယ်တွင်းပိုင်း ကျောက်ကပ်နဲ့ အဆုတ်တွေမှာ ယိုယွင်းမှုတွေ ဖြစ်လာခဲ့ကာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဇာရက်စ်ရဲ့ မိဘတွေကတော့ သူတို့ရဲ့သားဖြစ်သူ သေဆုံးခဲ့ရတဲ့ ဒီရောဂါနဲ့ပတ်သက်တဲ့ ဆေးသုတေသနတွေ လုပ်ဆောင်နိုင်ဖို့ သေသူရဲ့ခန္ဓာကိုယ်ကို ဆေးရုံဆီလှူဒါန်းသွားမှာ ဖြစ်တယ်လို့ မီယာမီဟာရေးလ်ဒ် သတင်းတပုဒ်က ဆိုပါတယ်။

Source- DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။