စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ် ဘန့်ဘွေး(၅)မိုင် တိုးဂိတ်နေရာ၌ ဒီဇင်ဘာ(၅)ရက်၊ နံနက်(၃)နာရီက တရားမဝင် အမဲသားပိသာချိန်(၄၀၀)ကျော် သယ်ဆောင်လာသော ယာဉ်တစ်စီး ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းမာပင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးအောင် ဗိုလ်မြင့်ပါ(၃)ဦး၊ ကျောက်မှော်ကျေးရွာ နယ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ပွမ်ခိုခုတ်တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့ဝင်များက အသိသက်သေ ဘန့်ဘွေးမြောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းညို နှင့်အတူ ဒီဇင်ဘာ(၅)ရက်၊ နံနက် (၃)နာရီက သတင်းအရ ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ် ဘန့်ဘွေး(၅)မိုင် တိုးဂိတ်နေရာ၌ ယာဉ်မောင်း စန်းကို (၃၃)နှစ်၊ မဟာအောင်မြေ စင်္ကြာနွယ်စဉ်ရပ်ကွက် မန္တလေးမြို့နေသူ မောင်းနှင်သော ယာဉ်အမှတ် 6A/----၊ ဟိုင်းလပ်အဖြူရောင် မော်တော်ယာဉ် အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသည့် ဦးမျိုးဆွေ (၄၁)နှစ်၊ ချောင်းမကျေးရွာ ကနီမြို့နယ်နေသူ ပိုင်ဆိုင်သော တရားမဝင် အမဲသား ပိသာချိန် (၄၀၀)ကျော်အား ရောင်း ချရန်သယ်ဆောင်လာကြောင်းသိရသည်။

အဆိုပါ တရားမဝင် အမဲသားပိသာချိန်(၄၀၀)ကျော်အား ရောင်းချရန် သယ်ဆောင် လာသော ဦးမျိုးဆွေနှင့် ယာဉ်မောင်း စန်းကိုတို့အား ယင်းမာပင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တရားလိုပြု လုပ်၍ ယင်းမာပင်မြို့နယ် တရားသူကြီးရုံးသို့ တရားစွဲဆို ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသတင်း ရရှိသည်။

ထွန်းကိုကို(ယင်းမာပင်)

Ref., MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။