ကမ္ဘာမြေကဲ့သို့ပင် သက်ရှိများ ရှင်သန်နေထိုင်ရန် သင့်တော်သည့် ဧရာမ ဂြိုဟ်ကြီးတစ်လုံးကို သိပ္ပံပညာ ရှင်များက ခြေရာခံ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ Kepler-10cဟု လတ်တလော အမည်ပေး ထားသည့် ယင်းဂြိုဟ်ကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် (၅၆၀)မျှ အကွာတွင် တည်ရှိသည်။ သိပ္ပံပညာရှင် များက ဘော်စတွန်တွင် ကျင်းပသည့် အမေရိကန် နက္ခတ်ဗေဒ ပညာရှင်များအဖွဲ့ အစည်းအဝေးတွင် ယခုတွေ့ ရှိချက် အသစ်ကို ကြေညာခဲ့သည်။ Kepler-10cက စကြာဝဠာထဲတွင် သက်ရှိများ ရှင်သန်ပေါက်ဖွားရန် သင့်တော်သည့် ဂြိုဟ်ပေါင်း အတော်များများ ရှိနေနိုင်သည်ဆိုသော ခန့်မှန်းချက်များ ကို ပိုမိုအားကောင်း ခိုင်မာလာစေခဲ့သည်။

ကမ္ဘာမြေနှင့် ဖွဲ့စည်းပုံ ဆင်တူသည့် အဆိုပါဂြိုဟ်ကြီးသည် ကမ္ဘာထပ် ဒြပ်ထုသိပ်သည်းမှု (၁၇)ဆထိ ပိုမိုမြင့်မားသည်။ “ပြောရရင် စူပါကမ္ဘာမြေ၊ ဒါမှမဟုတ် မီဂါကမ္ဘာမြေလို့ တင်စားရလိမ့်မယ်”ဟု သုတေသီ တစ်ဦးဖြစ်သည့် ဒီမီတာ ဆက်ဆီလော့ဗ်က ဆိုသည်။ ၎င်းက “Kepler-10cဟာ ကမ္ဘာနဲ့တူတဲ့ ဂြိုဟ်တွေထဲက ဂေါ်ဇီလာကြီးပါပဲ”ဟုလည်း ညွှန်းဆိုပြောကြားသွားသည်။ နည်းပညာ အသုံးချ တိုင်းတာ မှုများအရ ဂြိုဟ်ကြီး၏ အချင်းသည် ကီလိုမီတာ (၂၉၀၀၀)မျှရှိပြီး ကမ္ဘာဂြိုဟ်၏ နှစ်ဆမျှဖြစ်သည်။ သို့သော်လည်း ဒြပ်ထုမှာ သိသိသာသာ ကြီးမားလွန်းနေကြောင်းလည်း သိရှိရသည်။

“သိပ်သည်းဆ အရမ်းမြင့်မားတဲ့ ဂြိုဟ်တစ်ခုပါပဲ။ ကမ္ဘာဂြိုဟ်ရဲ့ သိပ်သည်းမှုထက် (၁၇)ဆလောက် ပိုများ တယ်။ ကမ္ဘာပေါ်က ကျောက်တွေထဲမှာ အမာဆုံး ဆိုတာတွေထက် အဲဒီက မြေမျက်နှာပြင်က ပိုမာနိုင် တယ်။ ဒါပေမဲ့ မမေ့သင့်တာက ဂြိုဟ်အရွယ်အစား သိပ်ကြီးနေတာပါ။ အဲဒီတော့ တချို့နေရာတွေမှာ ဖိသိပ်ခံထားရတဲ့ ဓာတ်ပစ္စည်းတွေ ခိုအောင်းနေနိုင်တယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ တွက်ချက်မှုဟာ အဲဒီနေရာတွေပေါ် အခြေတည်ရင် အမှားအယွင်း ဖြစ်သွားနိုင်တယ်။ နောက်တစ်ချက်က ဂြိုဟ်ရဲ့ မျက်နှာပြင် (၅)ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းလောက်ထိ ရေထုရှိနိုင်တယ်လို့ ကျွန်တော်တို့ ယူဆထား ပါတယ်”ဟုလည်း ဆက်ဆီလော့ဗ်က ပြောဆိုသွားသည်။ ပညာရှင်များက ဂြိုဟ်၏ သက်တမ်းကို နှစ်ပေါင်း (၁၁)ဘီလျံမျှဟု ယေဘုယျ ခန့်မှန်းထားသည်။ ယင်းသည် စကြာဝဠာ အစောပိုင်း ဖြစ်စဉ်များ တွင် ကြယ်တံခွန်တစ်စင်း ပေါက်ကွဲရာမှ လွင့်စင်လာသည့် အစိတ်အပိုင်းတစ်ခုမှ စတင်ဖြစ်တည်လာခြင်း ဟုလည်း သုတေသီများက ယူဆထားကြသည်။

source - nay shine blog

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။